အစိုးရထုတ်ပေးထားသည့် စမတ်ဖုန်းအပါအဝင် မိုဘိုင်းပစ္စည်းများဖြင့် TikTokမသုံးရန် အမေရိကန်ရေတပ်ကတားမြစ်ထားသည်။
ဆိုက်ဘာလုံခြုံရေး အန္တရာယ်ရှိနိုင်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်းဆိုသည်။ အစိုးရထုတ်ပေးထားသောမိုဘိုင်းပစ္စည်းများဖြင့် TikTokသုံးသည့် ဝန်ထမ်းများTikTokကိုမဖျက်ပါကရေတပ် သီးသန့် အင်တာနက်သို့ ဝင်ရောက်အသုံးပြုခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်းအမေရိကန်ရေတပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ TikTokသည် မည်သည့်အန္တရာယ်ရှိ၍ ပိတ်ပင်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားထားခြင်းမရှိကြောင်းတွေ့ရသည်။
အမေရိကန် လူငယ်များကြားTikTokသည် ရေပန်းစားလျက်ရှိပြီး ပြီးခဲ့သည့် လပိုင်းများအတွင်းအမေရိကန် စုံစမ်းစစ်ဆေးသူများ၊ ဥပဒေပြုအမတ်များကTikTokကိုစုံစမ်းစစ်ဆေးမှုများ ပြုခဲ့သည်။ TikTok ၏ မိခင်ကုမ္ပဏီဖြစ်သောပေကျင်းအခြေစိုက် ByteDance Technology က အမေရိကန်အခြေစိုက် Musical.ly ဆိုရှယ်မီဒီယာကိုဒေါ်လာတစ်ဘီလျံဖြင့် ဝယ်ယူရန် လျှောက်ထားမှုကိုလည်းအမေရိကန်အစိုးရက နိုင်ငံတော်လုံခြုံရေးအဆင့် သုံးသပ်စစ်ဆေးလျက်ရှိသည်။
TikTokသည် နိုင်ငံတော်လုံခြုံရေးကိုထိပါးစေနိုင်မှု ရှိမရှိအထက်လွှတ်တော်အမတ် ချက် ရှူးမားကမေးခွန်းထုတ်ခဲ့ပြီးနောက် အမေရိကန် ကြည်းတပ်သည်လည်းစစ်သင်တန်းသားများTikTokသုံးခြင်းကိုတားမြစ်ခဲ့သည်။
ရေတပ် ပြောရေးဆိုခွင့်ရှိသူကလည်းရေတပ်နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များသည် အစိုးရထုတ်ပေးထားသည့် မိုဘိုင်းပစ္စည်းများဖြင့် လူသုံးများသောဆိုရှယ်မီဒီယာအပလီကေးရှင်းများကိုဒေါင်းလုဒ်ဆွဲအသုံးပြုလေ့ရှိသလို၊ ရေတပ်အနေဖြင့်လည်းလုံခြုံရေး ကျိုးပေါက်မည့် အန္တရာယ်ရှိနိုင်သောအပလီကေးရှင်းများကိုပိတ်ပင်လေ့ရှိကြောင်းထုတ်ပြန်ထားသည်။ မည်သည့် အပလီကေးရှင်းများကိုခွင့်ပြုထားပြီး၊ မည်သည့် အပလီကေးရှင်းများကိုပိတ်ပင်ထားကြောင်းကိုမူထည့်သွင်းပြောကြားခြင်းမရှိပေ။

















