မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ယနေ့ည ၈ နာရီခွဲတွင် ကစားမည့် ဝက်ဖို့ဒ်နှင့် ပွဲမတိုင်မီ အသင်းအခြေအနေကို အသိပေးပြောကြားခဲ့ရာ ကစားသမားများအနေဖြင့် ဒီဇင်ဘာ ပွဲကျပ်ကာလအတွင်း အကောင်းဆုံး ကစားရန် အဆင်သင့်ဖြစ်နေကြောင်း ဖွင့်ဟခဲ့သည်။
မန်ယူသည် ကြားရက်က ကာရာဘောင်းဖလား ကွာတားဖိုင်နယ်တွင် ကိုချက်စတာအသင်းကို အနိုင်ရရှိခဲ့ပြီး နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ငါးပွဲဆက်တိုက် ရလဒ်ကောင်းကာ ယုံကြည်မှု အားကောင်းနေသည်။
ဆိုးလ်ရှားက ''ကစားသမားတွေဟာ ပွဲဆက်တွေမှာ အကောင်းဆုံးကစားဖို့အတွက် အဆင်သင့်ဖြစ်နေ ပြီလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော်တို့ အနေနဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အဆင်သင့်ပါပဲ။ စိတ် ဓာတ်ပိုင်းလည်း ယုံကြည်မှု အားကောင်းနေတယ်။ မကြာခင်ကအသင်းရလဒ်တွေ ကောင်းခဲ့တယ်။ ကစား သမားတော်တော်များများဟာ ကြံ့ခိုင်မှု ပြည့်ဝလာကြတယ်။ ဒါကအရေးကြီးပါတယ်။ ဘာကိုလဲဆိုတော့ အလှည့်ကျသွားရ လို့ပါ။ နောက်ခံလူ ဒါလော့ဆိုရင် ကြံ့ခိုင်မှု ပြည့်ဝတော့မှာပါ။ ပေါ့ဘာ ဆိုရင်လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပါတယ်။ သူဟာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့တယ်။ ပွဲကစားဖို့ အဆင်သင့် ဖြစ်၊ မဖြစ် က သူ့အခြေအနေကို ကျွန်တော်တို့ ကြည့်ရမှာပါ''ဟု ပြောကြားခဲ့သည်။
လီဗာပူးပွဲလွဲချော်ခဲ့သည့် မာစီ နာနှင့် ပါရီယာတို့မှာ မန်ယူပွဲ၌ ပါဝင်ကစားရန် ကြံ့ခိုင်မှု ပြည့်ဝ နေမည်ဖြစ်ကြောင်း ဝက်ဖို့ဒ်နည်းပြ ပီယာဆန်က ပြောကြားခဲ့သည်။ ဝက် ဖို့ဒ်အသင်းတွင် ဟိုလီဘတ်စ်၊ ကလီဘာ လေးနှင့် ဝဲလ်ဘတ်တို့ ဒဏ်ရာရရှိနေပြီး ပရို ဒယ်နှင့် ဂျန်မတ်တို့မှာ ကာလရှည်နားနေရသည်။















