လွန်ခဲ့သော ခြောက်လအတွင်း အာဖဂန်နစ္စတန်အရှေ့ပိုင်း၌ အို်ုင်အက်စ်တိုက်ခိုက်ရေးသမားနှင့် ၎င်းတို့၏မိသားစုဝင် ၇၀ဝ ခန့်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန်အစိုးရက ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဖမ်းဆီးထားသူ ၇၀ဝ တွင် အမျိုးသမီး ၇၅ ဦးနှင့် ကလေး ၁၅၉ ဦးတို့ပါဝင်ကြောင်း အာဖဂန်ထောက်လှမ်းရေးအဖွဲ့ အမျိုးသားကာကွယ်ရေးညွှန်ကြားမှုဦးစီးဌာန( အင်န်ဒီအက်စ်) ကပြောဆိုခဲ့သည်။ အများစုသည် နိုင်ငံခြားတိုင်းပြည်များမှဖြစ်ကြသည်။ ၇၀ဝ ခန့်အနက် အများစုကို ဖမ်းဆီးခဲ့ရခြင်းဖြစ်သော်လည်း လာရောက်အဖမ်းခံသူများလည်းရှိကြကြောင်း ထောက်လှမ်းရေးဌာနက ပြောဆိုခဲ့သည်။
အိုင်အက်စ်တိုက်ခိုက်ရေးသမားနှင့် မိသားစုဝင်များကို ကဘူးရှိ ထောက်လှမ်းရေးဌာနရုံးဝင်းတွင်းသို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း အင်န်ဒီအက်စ်ကပြောဆိုခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံအရှေ့ပိုင်းရှိ နေအိမ်များစွာကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ရေးသမားများနှင့် ၎င်းတို့၏မိသားစုဝင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း အင်န်ဒီအက်စ်ကပြောဆိုခဲ့သည်။
အာဖဂန်အာဏာပိုင်များ ဖမ်းဆီးထားသူများသည် အိုင်အက်စ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များ တကယ်ဟုတ်မဟုတ်ကို သိရှိရန် မလွယ်ကူကြောင်း အေပီသတင်းဌာနကဖော်ပြခဲ့သည်။ အဖမ်းခံခဲ့ရသည့် အိုင်အက်စ်တပ်ဖွဲ့ဝင်အများစုသည် ပါကစ္စတန်၊ ဂျော်ဒန်၊ ဗဟိုအာရှနိုင်ငံများမှဖြစ်ကြောင်း အင်န်ဒီအက်စ်အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
အဖမ်းခံရသူများတွင် နိုင်ငံခြားသား ၂၇၇ ဦးပါဝင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် အမေရိကန်၊ အာဖဂန်တပ်ဖွဲ့များနှင့် တာလီဘန်များ၏စီးနင်းမှုများကြောင့် အိုင်အက်စ်အင်အားလျော့ကျသွားခဲ့ကြောင်း အမေရိကန်၏အာဖဂန်ငြိမ်းချမ်းရေးကိုယ်စားလှယ် ဇယ်မေ ခါလီဇတ်ကပြောဆိုခဲ့သည်။
အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်သည်အင်အားကို လျှော့ချမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယခုနှစ်မကုန်မီတွင် ထုတ်ပြန်ပြောဆိုဖွယ်ရှိနေကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ်က လွန်ခဲ့သောအပတ်တွင်ပြောဆိုခဲ့သည်။
သမ္မတသည် အမေရိကန်စစ်သည်အင်အားကို ၁၂၀ဝ၀ မှ ၈၆၀ဝ အထိ လျှော့ချဖွယ်ရှိနေကြောင်း ဂရေဟမ်က ကဘူး၌ ပြောဆိုခဲ့သည်။

















