ပင်လယ်ကွေ့ရှိ အမေရိကန်ဦးဆောင်သော ရေတပ်စုသို့ ဂျပန်စစ်သင်္ဘောများကို စေလွှတ်ခြင်းမပြုရန် ဂျပန်က ဆုံးဖြတ်လိုက်ခြင်းကို ကြိုဆိုပါကြောင်း အီရန်သမ္မတ ဟာဆင် ရိုဟာနီက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။
အီရန်၏နျူကလီးယားစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်တွင် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ ခြောက်နိုင်ငံတို့ကြား ချုပ်ဆိုထားသည့် စာချုပ်မှ အမေရိကန် ယမန်နှစ်တွင် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် အီရန်နှင့် အမေရိကန်တို့ကြား တင်းမာမှုများပြင်းထန်လာခဲ့သည်။
ပင်လယ်ကွေ့ရေပြင်၌ မေနှင့် ဇွန်တို့တွင် ဆော်ဒီရေနံတင်သင်္ဘောများအပါအဝင် နိုင်ငံတကာကုန်တင်သင်္ဘောများ တိုက်ခိုက်ခံခဲ့ရပြီးနောက် ပင်လယ်ကွေ့သို့ ရေတပ်သင်္ဘောများစေလွှတ်ရန် အမေရိကန်က အဆိုပြုခဲ့ခြင်းဖြစ်သည်။ အီရန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကပြောဆိုခဲ့သော်လည်း အီရန်ကမူ ငြင်းဆိုထားသည်။
ဗြိတိန်ကမ်းတက်တပ်ဖွဲ့က ဂျီဘရော်ဒါရေလက်ကြားတွင် အီရန်သင်္ဘောတစ်စင်းကို ထိန်းသိမ်းခဲ့ပြီးနောက် ဇူလိုင်တွင် အီရန်စစ်တပ်သည် ပင်လယ်ကွေ့၌ ဗြိတိန်ပိုင်ရေနံတင်သင်္ဘောတစ်စင်းကို ထိန်းသိမ်းခဲ့သည်။ နောက်ပိုင်းတွင် သင်္ဘောနှစ်စင်းစလုံးကို ပြန်လွှတ်ပေးခဲ့သည်။
ပင်လယ်ကွေ့သို့ စစ်သင်္ဘောမစေလွှတ်ဘဲ ကင်းထောက်ရေယာဉ်ကိုသာစေလွှတ်ရန် ဂျပန်ကဆုံးဖြတ်ခဲ့ပြီး ယင်းရေယာဉ်ကိုလည်း ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားသို့ စေလွှတ်မည်မဟုတ်သည့်အတွက် ကြိုဆိုပါကြောင်း ရိုဟာနီကပြောဆိုခဲ့သည်။
ဂျပန်သည် အိုမန်ပင်လယ်ကွေ့၊ အာရေဗျပင်လယ်မြောက်ပိုင်းနှင့် အာဒန်ပင်လယ်ကွေ့တို့သို့ စောင့်ကြည့်ထောက်လှမ်းရေးရေယာဉ်များကိုသာ စေလွှတ်မည်ဖြစ်သည်။ ပင်လယ်ကွေ့ဒေသတွင် သတင်းအချက်အလက်စုဆောင်းရန်အတွက် ဖျက်သင်္ဘောတစ်စင်းနှင့် ပီ-၃စီကင်းလှည့်လေယာဉ်တစ်စင်းတို့ကိုစေလွှတ်ရန် အစီအစဉ်ကို ဂျပန်အာဏာရညွန့်ပေါင်းအဖွဲ့မှ ပါတီများက အတည်ပြုပေးခဲ့ပြီးဖြစ်သည်။

















