နယူးဇီလန်နိုင်ငံ၌ သေနတ်လက်ဝယ်ထားရှိသူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုပြီး သေနတ်များပြန်လည်အပ်နှံရေးတိုက်တွန်းမှုကာလ ခြောက်လအတွင်း သေနတ်ပေါင်း ၅၆၀ဝ၀ ကျော်ကို အာဏာပိုင်များထံသို့ ပြန်လည်အပ်နှံမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
ခရိုက်ချပ်ရှိ ဗလီနှစ်ခုတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၅၁ ဦးသေဆုံးခဲ့ပြီးနောက် အာဏာပိုင်များသည် အော်တိုမက်တစ်သေနတ်ကိုင်ဆောင်မှုကိုပိတ်ပင်ပြီး သေနတ်ပိုင်ရှင်များထံမှ အစိုးရက ငွေကြေးပေးကာ ပြန်လည်ဝယ်ယူသည့် အစီအစဉ်ကိုစတင်ခဲ့သည်။ မတ် ၁၅ ရက် ပစ်ခတ်မှုပြီးနောက် ပိတ်ပင်မှုကို လွှတ်တော်ကလည်း လက်ခံခဲ့သည်။ မတ် ၁၅ ရက် ပစ်ခတ်မှုနှင့်ဆက်စပ်၍ သြစတြေးလျနိုင်ငံသား လူဖြူအဓိကဝါဒီ ဘရန်တန် တားရန့်ကို တရားစွဲဆိုထားပြီး လာမည့်နှစ်တွင် ရုံးတင်စစ်ဆေးမည်ဖြစ်သည်။
သေနတ်ပြန်လည်ဝယ်ယူသည့် အစီအစဉ်ကို ဧပြီတွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် အဆုံးသတ်ခဲ့သည်။ သေနတ်ပြန်လည်အပ်နှံသူများအား သေနတ်မူလဈေးနှုန်း၏ ၉၅ ရာခိုင်နှုန်းကိုပေးကာ ပြန်လည်ဝယ်ယူနေခြင်းဖြစ်သည်။
နယူးဇီလန်သားများထံမှ သေနတ် ၅၀ဝ၀ဝ ကျော်ကို ပြန်လည်ရယူနိုင်ခဲ့သောကြောင့် အစီအစဉ်အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ကြောင်း ရဲတပ်ဖွဲ့ရေးရာဝန်ကြီး စတူးဝပ် နက်ရှ်ကပြောဆိုခဲ့သည်။ သို့သော် အစိုးရ၏သေနတ်ပြန်လည်ဝယ်ယူမှုအစီအစဉ်ကို လိုင်စင်ရသေနတ်ကိုင်ဆောင်သူများကောင်စီအပါအဝင် အဖွဲ့အစည်းအချို့က ဝေဖန်ပြောဆိုခဲ့သည်။
ပိတ်ပင်တားမြစ်ထားသည့် သေနတ် ၁၇၀ဝ၀ဝ ခန့်ကျန်ရှိနေနိုင်ကြောင်း ကောင်စီ၏ပြောခွင့်ရှိသူ နီကိုး မက်ကီးကပြောဆိုခဲ့သည်။ နယူးဇီလန်၌ အရပ်သားများ တရားဝင်ပိုင်ဆိုင်သည့် သေနတ် ၁ ဒသမ ၂ သန်းရှိနေကြောင်း ရဲတပ်ဖွဲ့က ၂၀၁၆ ခုနှစ်တွင် ခန့်မှန်းခဲ့သည်။ နိုင်ငံသားလေးဦးလျှင် သေနတ်တစ်လက်ရှိနေခြင်းဖြစ်သည်။

















