စစ်ရေးအင်အားတိုးမြှင့်ရေး မြောက်ကိုရီးယားခေါင်းဆောင် ဆွေးနွေး

စစ်ရေးအင်အားတိုးမြှင့်ရေး မြောက်ကိုရီးယားခေါင်းဆောင် ဆွေးနွေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံ၏စစ်ရေးစွမ်းရည်တိုးမြင့်လာရေးအတွက် ထိပ်တန်းစစ်တပ်အရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်လိုပါက အမေရိကန်ဘက်မှ အလျှော့ပေးမှုများကို ယခုနှစ်မကုန်မီနောက်ဆုံးထားပြီး ဦးစွာပြုလုပ်ရန် မြောက်ကိုရီးယားက တောင်းဆိုထားမှု နောက်ဆုံးရက်နီးကပ်လာချိန်တွင် ယခုကဲ့သို့ ဆွေးနွေးမှုရှိလာခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဘက်မှ အလျှော့ပေးခြင်းမပြုပါက အမေရိကန်သည် ဆိုးရွားသော ခရစ္စမတ်လက်ဆောင်ရစေမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ယခုလအစောပိုင်းတွင်ပြောဆိုထားပြီးဖြစ်သည်။

ကင်သည် အလုပ်သမားပါတီရှိ ၎င်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် ဗဟိုစစ်ကော်မရှင်အစည်းအဝေးတွင် စစ်ရေးအင်အားတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်သည် ပြည်တွင်းနှင့် ပြည်ပရှိ ရှုပ်ထွေးသော အခြေအနေများကို လေ့လာသုံးသပ်ပြခဲ့ပြီး အထွေထွေအခြေအနေများကြောင့် စစ်ရေးအင်အားကို တိုးမြှင့်ရန်လိုအပ်ပုံကို ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သည်။

ပြည်သူ့တပ်မတော်၏ အားသာချက်နှင့်အားနည်းချက်များကို ထောက်ပြပြီးနောက် ယင်းအားနည်းချက်များကို မည်ကဲ့သို့ ကျော်လွှားရမည်ကို မဟာခေါင်းဆောင်က လမ်းညွှန်ပြောဆိုခဲ့ကြောင်း ကေစီအင်န်အေကဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မြောက်ကိုရီးယား၏လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ဝေဖန်ခဲ့သည့်အတွက် နစ်နစ်နာနာပေးဆပ်ရတော့မည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးပြောဆိုပြီး တစ်ရက်အကြာတွင် စစ်ရေးအင်အားတိုးမြှင့်ရန်ဆွေးနွေးမှုကို ကေစီအင်န်အေကဖော်ပြခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ယခုလအတွင်း ဆိုဟဲဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ စမ်းသပ်မှုအချို့ကိုပြုလုပ်ခဲ့ပြီး မကြာသေးမီရက်သတ္တပတ်များတွင်လည်း တာတိုပစ်ဒုံးကျည်များကို ပစ်ခတ်ခဲ့ပြီးဖြစ်သည်။