နိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းနေကာ မီးသတ်သမားနှစ်ဦး သေဆုံးခဲ့ရသည့်တိုင် ဟာဝိုင်ယီသို့ မိသားစုနှင့် အပန်းဖြေခရီးထွက်မိသဖြင့် သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က ဒီဇင်ဘာ ၂၂ ရက်တွင် အများပြည်သူကို တောင်းပန်လိုက်သည်။
မော်ရစ်ဆန်သည် ဇနီး၊ သားသမီးများနှင့်အတူ ဟာဝိုင်ယီသို့ အားလပ်ရက် အပန်းဖြေခရီးထွက်နေရာမှ ရက်မပြည့်မီ နိုင်ငံသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၂၁ ရက်တွင် ပြန်ရောက်ပြီး ဒီဇင်ဘာ ၂၂ ရက်နံနက်ပိ်ုင်းတွင် ဆစ်ဒနီရှိ ကျေးလက်မီးသတ်တပ်ဖွဲ့ ရုံးချုပ်သို့ သွားရောက်ပြီးနောက် သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့သည်။
"အချိန်နောက်ပြန်ဆွဲလို့ရရင် ကျွန်တော့်ရဲ့ လုပ်ရပ်ကို ပြုပြင်ချင်ပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံသားတွေဟာ မျှတတဲ့ စိတ်ဓာတ်ရှိသူတွေ ဆိုတာလည်း ယုံကြည်ပါတယ်။ မိဘတွေဆိုတော့ ကလေးတွေကို အပန်းဖြေခရီး လိုက်ပို့မယ်လို့ ကတိပေးထားပြီးရင် ဖျက်လို့မကောင်းဘူးလေ" ဟု မော်ရစ်ဆန်က ပြောသည်။
"ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ မိသားစု တာဝန်အပြင် နိုင်ငံ့တာဝန်လည်း ရှိသေးတာကို နားလည်ပါတယ်။ အားလုံး အပြစ်ဝိုင်းတင်နေတာကိုလည်း ကျွန်တော် ခံယူပါတယ်" ဟု မော်ရစ်ဆန်က ပြောသည်။
လက်ရှိအချိန်သည် တစ်ယောက်နှင့်တစ်ယောက် လက်ညှိုးထိုး အပြစ်တင်ပြီး နိုင်ငံရေး အမှတ်ယူနေရမည့် အချိန်မဟုတ်ကြောင်း၊ နိုင်ငံတွင် တောမီးဘေး ကြုံနေရချိန်၌ တစ်ဦးနှင့်တစ်ဦး ကြင်နာဖေးကူကြရမည့် အချိန်ဖြစ်ကြောင်း၊ မိမိသည် မီးသတ်အတွေ့အကြုံ မရှိသော်လည်း အခြားသူများ တောမီးထိန်းချုပ်ရန် ကြိုးပမ်းနေချိန်တွင် မိမိသည်လည်း အတူရှိနေမည်ဖြစ်ကြောင်း မော်ရစ်ဆန်က ပြောသည်။
နယူးဆောက်သ်ဝေး၊ ဗစ်တိုးရီးယားနှင့် သြစတြေးလျ တောင်ပိုင်းတို့တွင် တောမီးများ လောင်ကျွမ်းနေမှုသည် ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်နေပြီး၊ အစိုးရသည် ရာသီဥတုပြောင်းလဲမှုအရေးကို ထိရောက်စွာ ကိုင်တွယ်ခြင်းမရှိဟု ဝေဖန်နေမှုများကိုလည်း မော်ရစ်ဆန်က ခုခံပြောကြားခဲ့ကာ တောမီးလောင်ကျွမ်းရခြင်း အကြောင်းရင်းများစွာ ရှိနေသည်ဟု တုံ့ပြန်ခဲ့သည်။

















