ကျူးဘားတွင် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိ်မ်အဖြစ် ဝန်ကြီးချုပ်တစ်ဦး ခန့်အပ်လိုက်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းဝန်ကြီး မန်နျူရယ် မာရီရို ခရက်ဇ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း သမ္မတ မစ်ဂူး ဒိုင်ယတ်ဇ် ကာနယ်က ကြေညာသည်။ ဝန်ကြီးချုပ်ရာထူးကို ပယ်ဖျက်ကြောင်း ၁၉၇၆ ခုနှစ်တွင် တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကတ်စထရိုက ကြေညာခဲ့သည်။ ယခုနှစ်ဆန်းပိုင်းတွင်မှ ဝန်ကြီးချုပ်ရာထူးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်တွင် ပြန်လည်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ အသက် ၅၆ နှစ်အရွယ် ဝန်ကြီးချုပ် မာရီရိုသည် လက်ရှိတွင် သမ္မတက တာဝန်ယူထားသော တာဝန်အချို့ကို ခွဲဝေတာဝန်ယူမည်ဖြစ်သည်။
ဝန်ကြီးချုပ်သည် သမ္မတ၏ အုပ်ချုပ်ရေး ညာလက်ရုံးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် အွန်လိုင်းသတင်းဝက်ဘ်ဆိုက် ကျူးဘားဒဘိတ်က ဖော်ပြသည်။ နိုင်ငံရေးလေ့လာသူများကမူ ဝန်ကြီးချုပ်ရာထူးသည် အပေါ်ယံပြောင်းလဲမှုသာဖြစ်ပြီး ကျူးဘားတွင် အာဏာအစစ်အမှန်ကို ထိန်းချုပ်ထားသည်မှာ ကျူးဘား ကွန်မြူနစ်ပါတီနှင့် စစ်တပ်တို့သာဖြစ်ကြောင်း ဝေဖန်ထားကြသည်။
မစ္စတာ မာရီရိုကို ခန့်အပ်ခြင်းကို ဒီဇင်ဘာ ၂၁ ရက်တွင် လွှတ်တော်က ထောက်ခံအတည်ပြုခဲ့သည်။ မစ္စတာ မာရီရိုသည် ၂၀ဝ၀ ပြည့်နှစ်တွင် ကျူးဘားစစ်တပ်က ထိန်းချုပ်သော ဂါဗိုတာ ခရီးသွားလုပ်ငန်းစု ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြီး ထိုလုပ်ငန်းစု၏ ဟိုတယ်များသည် လက်ရှိတွင် ထရမ့် အစိုးရ၏ ဆန်ရှင်များနှင့် ကြုံတွေ့ရလျက်ရှိသည်။ ၂၀ဝ၄ ခုနှစ်တွင် မစ္စတာ မာရီရိုကို ခရီးသွားလုပ်ငန်း ဝန်ကြီးအဖြစ် ဖီဒယ် ကတ်စထရိုက ခန့်အပ်ခဲ့ပြီး ထိုစဉ်မှ စတင်ကာ ကျူးဘားတွင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို အားစိုက်ဆောင်ရွက်ခဲ့သည်။
မစ္စတာ မာရီရိုသည် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှုကြောင့် ခရီးသွားလုပ်ငန်းဝန်ကြီးအဖြစ် ဆက်လက်ထမ်းဆောင်ခြင်း ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ မစ္စတာ မာရီရိုသည် ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ဆက်ဆံရာတွင် ကျွမ်းကျင်သူဖြစ်ကြောင်း သမ္မတ ဒိုင်ယတ်ဇ် ကာနယ်က ချီးကျူးထားသည်။ မစ္စတာ မာရီရိုသည် ရိုးသား ကြိုးစားသလို ကွန်မြူနစ်ပါတီနှင့် တော်လှန်ရေးအပေါ်လည်း သစ္စာစောင့်သိသူဖြစ်ကြောင်း သမ္မတက ချီးမွမ်းသည်။

















