အနောက်အာဖရိကတွင် အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက်မှုများကို တိုးမြှင့်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အိုင်ဗရီကို့စ်နိုင်ငံ အဘီဂျန်မြို့သို့ ရောက်ရှိနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်က ဒီဇင်ဘာ ၂၁ ရက်တွင် ကတိပြု ပြောကြားလိုက်သည်။
မာခရွန်သည် အိုင်ဗရီကို့စ်နှင့် နိုင်ဂျာနိုင်ငံများသို့ ဒီဇင်ဘာ ၂၀ ရက်က စတင်ကာ သုံးရက်ခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။ မာလီတွင်လည်း ပြင်သစ် တပ်ဖွဲ့များသည် အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင် ၃၃ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
"အစွန်းရောက် အကြမ်းဖက်အန္တရာယ်ကို အားလုံး လက်တွဲတိုက်ဖျက်ကြဖို့ ကတိပြုပါတယ်။ ဆက်လက်ပြီး တိုက်ပွဲဝင်ကြပါစို့" ဟု ဝန်ကြီးချုပ် မာခရွန်က အဘီဂျန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မာခရွန်နှင့်အတူ အိုင်ဗရီကို့စ် သမ္မတ အယ်ဆာနီ အိုတာရာလည်း သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့ပြီး ပြင်သစ်ကျောထောက်နောက်ခံပေးထားသော စီအက်ဖ်အေ ဖရန်ငွေကြေးစနစ်ကို ပြုပြင်ပြောင်းလဲမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုငွေကြေးကို ၁၉၄၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ ရှစ်နိုင်ငံတွင် အသုံးပြုလျက်ရှိသည်။
ငွေကြေးသစ်ကို "အီကို" ဟု အမည်ပေးမည်ဖြစ်ပြီး လာမည့်နှစ်မှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်ကာ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်ချရမည့် ဘုတ်အဖွဲ့များမှလည်း ပြင်သစ် တာဝန်ရှိသူအားလုံး ရာထူးမှဆင်းမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်ပအရန်ငွေကြေး ထက်ဝက်ကို ပြင်သစ်တွင် ထားရှိရမည့် စနစ်ကိုလည်း အဆုံးသတ်မည်ဖြစ်သည်။
အီကို ငွေကြေး တည်ငြိမ်စေရေးအတွက် ယူရိုငွေကြေးနှင့်မူ ဆက်လက်ချိတ်ဆက်ထားမည်ဖြစ်ကြောင်း သမ္မတ အိုတာရာက ပြောသည်။ အသက် ၄၂ နှစ်အရွယ် သမ္မတ မာခရွန်က ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုလိုက်ပြီး အာဖရိက အနောက်ပိုင်းဒေသ ပြုပြင်ပြောင်းလဲ တိုးတက်မှုများကို ချီးကျူးခဲ့သည်။

















