ဖီဖာကမ္ဘာ့ကလပ်ဖလား ချန်ပီယံဆု လီဗာပူးအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး

ဖီဖာကမ္ဘာ့ကလပ်ဖလား ချန်ပီယံဆု လီဗာပူးအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး

လီဗာပူးအသင်းသည် ဒီဇင်ဘာ ၂၁ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂ဝ၁၉ ဖီဖာကမ္ဘာ့ကလပ်ဖလား ဗိုလ် လုပွဲအဖြစ် ဘရာဇီးကလပ် ဖလာမင်ဂို နှင့် ယှဉ်ပြိုင်ခဲ့ရာ မိနစ် ၉ဝ အတွင်း ဂိုးမရှိ သရေကျနေ၍ အချိန်ပိုထိ ခရီး ဆက်ခဲ့ရပြီး ပွဲချိန် ၉၉ မိနစ်တွင် တိုက်စစ်မှူး ဖာမီနို၏ဂိုးဖြင့် အနိုင်ရကာ တစ်ဂိုး ဂိုးမရှိ ရလဒ်နှင့်အတူ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ကလပ်ဖလား ပိုင်ဆိုင်ခဲ့သည်။

ဖလာမင်ဂိုသည် အသင်းကောင်း ဖြစ်ပြီး လီဗာပူးအသင်းနှင့် အပြန် အလှန် ကစားနိုင်ခဲ့သည်။ လီဗာပူး အသင်းမှာလည်း ဂိုးသွင်းယူနိုင်ရန် ကြိုးစားခဲ့သော်လည်း တိုက်စစ်မှူး များ ဂိုးရလိုစိတ် စောခဲ့သည်။ ဘရာဇီး တိုက်စစ်မှူး ဖာမီနိုသည် ပွဲချိန် ၉၉ မိနစ်တွင် အဖိုးတန်ဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးမှာ အနိုင်ထိန်းခဲ့၍ ဒိုဟာ၌ အောင်ပွဲခံနိုင်ခဲ့သည်။ လီဗာပူးသည် ၂ဝ၁၉ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနှင့် ဖီဖာကမ္ဘာ့ကလပ် ဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ကစားသမားများအနေဖြင့် ပင်ပန်း နွမ်းနယ်စွာ ကစားခဲ့ရကြောင်း၊ ပြိုင် ဘက်ကောင်းနှင့် ခက်ခဲသည့်ပွဲတွင် အကောင်းဆုံး စွမ်းဆောင်ရည် ပြသ နိုင်ခဲ့ကြောင်း၊ နောက်ကျဂိုးကို မလို ချင်သော်လည်း တစ်ခါတစ်ရံတွင် လိုအပ်ကြောင်း၊ နိုင်ပွဲနှင့် ထိုက်တန် ကာ ၎င်းတို့အသင်း ပိုကောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးဂိုးသမား အယ်လစ်ဆန် က အချိန်ပို၌ ဂိုးသွင်းခဲ့သူ တစ်နိုင်ငံ တည်းသား ဖာမီနိုကို မချီးကျူးဘဲ မနေနိုင်ဖြစ်ခဲ့သည်။ အယ်လစ်ဆန်က ''ဖာမီနိုဟာ အသင်းအတွက် ဘယ်လို အရေးပါသလဲဆိုတာကို ကျွန်တော်တို့ သိထားသလို သူလည်း သိပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရေး ပါတဲ့ ကစားသမားတွေထဲက တစ် ယောက်ပါ။ ဂိုးသွင်းနိုင်ရုံတင် မကပါ ဘူး။ သူဟာ ဖန်တီးမှုလည်း လုပ်နိုင် ပါတယ်။ သူ့အတွက် ပျော်ရွှင်မိပါ တယ်''ဟု ပြောကြားခဲ့သည်။

လီဗာပူးသည် ယခုနှစ် ပရီးမီးယား လိဂ် အမှတ်ပေးဇယားထိပ်၌ ဦးဆောင် နေပြီး လာမည့် ဒီဇင်ဘာ ၂၇ ရက် တွင် လက်စတာအသင်းနှင့် ကစားရ မည်ဖြစ်သည်။
 



ဖတ်ရှုမှုအများဆုံး