အာဖဂန်ရွေးကောက်ပွဲ ကနဦးရလဒ်များအရ လက်ရှိသမ္မတဂါနီ ပြိုင်ဘက်ထက် မဲများစွာအသာစီးရ

အာဖဂန်ရွေးကောက်ပွဲ ကနဦးရလဒ်များအရ လက်ရှိသမ္မတဂါနီ ပြိုင်ဘက်ထက် မဲများစွာအသာစီးရ

အာဖဂန်နစ္စတန်၌ စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် ကနဦးရလဒ်များကို ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ လက်ရှိသမ္မတ အက်ရှ်ရက်ဖ် ဂါနီသည် ပြိုင်ဘက် အုပ်ချုပ်ရေးအရာရှိ အဗ္ဗဒူလာ အဗ္ဗဒူလာထက် မဲများစွာအသာစီးရရှိပြီး ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ရဖွယ်ရှိနေသည်။
 

ဂါနီသည် ဆန္ဒမဲ ၅၀ ဒသမ ၆၄ ရာခိုင်နှုန်းရရှိခဲ့ပြီး အဗ္ဗဒူလာသည် ဆန္ဒမဲ ၃၉ ဒသမ ၅၂ ရာခိုင်နှုန်းရရှိခဲ့သောကြောင့် မဲများစွာကွာဟချက်ရှိနေရာ ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ရန် မလိုအပ်လောက်ကြောင်း လွတ်လပ်သောရွေးကောက်ပွဲကော်မရှင်( အိုင်အီးစီ) က ထုတ်ပြန်ခဲ့သည်။ သို့သော် လာမည့် ရက်သတ္တပတ်အနည်းငယ်တွင် နောက်ဆုံးရလဒ်ကို ထုတ်ပြန်မည်ဖြစ်သောကြောင့် ကိုယ်စားလှယ်လောင်းများသည် ယခုကနဦးရလဒ်ကို မကျေနပ်ပါက သုံးရက်အတွင်း ကန့်ကွက်ရမည်ဖြစ်သည်။

လိမ်လည်မှုအပြည့်ပါသော မဲပေးပွဲရလဒ်များကို မကျေနပ်သောကြောင့် တရားဝင်တောင်းဆိုမှုများကို မဖြည့်ဆည်းနိုင်သေးသရွေ့ ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဗ္ဗဒူလာ၏ရုံးက ထုတ်ပြန်ခဲ့သည်။ ကနဦးရလဒ်များကို အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ရန်ရှိခဲ့သော်လည်း ရေတွက်မှုဖြစ်စဉ်တွင် အားနည်းချက်များရှိနေခြင်း၊ မဲလိမ်ခဲ့သည်ဟု အဗ္ဗဒူလာအပါအဝင် ကိုယ်စားလှယ်လောင်းများစွာတို့က တိုင်ကြားခဲ့ခြင်းတို့ကြောင့် ထုတ်ပြန်ရက်ကို ရွှေ့ဆိုင်းခဲ့ရသည်။ဒီမိုကရေစီစနစ်အဓွန့်ရှည်ကြာစေရန်အတွက် မဲပြားတိုင်းကို လေးစားပါကြောင်း အိုင်အီးစီဥက္ကဋ္ဌ ဟာဝါ အာလမ် နူရီစတာနီကပြောဆိုခဲ့သည်။

ဆန္ဒမဲ ၂ ဒသမ ၇ သန်းအနက် တစ်သန်းကို ပုံမမှန်မှုများကြောင့် ပယ်မဲအဖြစ်သတ်မှတ်ခံရသဖြင့် အာဖဂန်ရွေးကောက်ပွဲသမိုင်းတစ်လျှောက် မဲပေးသူအနည်းဆုံး ရွေးကောက်ပွဲဖြစ်ခဲ့ရသည်။ စုစုပေါင်းလူဦးရေ ၃၇ သန်းရှိသော အာဖဂန်နစ္စတန်၌ မဲပေးခွင့်ရှိသူ ၉ ဒသမ ၆ သန်းရှိပြီး ဆန္ဒမဲ ၁ ဒသမ ၈ သန်းကိုသာ ရေတွက်ခဲ့ရသည်။ မဲပေးသူများအနက် ၃၁ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း အိုင်အီးစီကပြောဆိုခဲ့သည်။