တရုတ်ရှိ ဝီဂါ မွတ်စလင်များအရေး ဟောင်ကောင်၌ လူ ၁၀ဝ၀ ကျော် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်

တရုတ်ရှိ ဝီဂါ မွတ်စလင်များအရေး ဟောင်ကောင်၌ လူ ၁၀ဝ၀ ကျော် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်

တရုတ်နိုင်ငံရှိ ဝီဂါ မွတ်စလင်များအရေးအတွက် ဟောင်ကောင်၌ ဒီဇင်ဘာ ၂၂ ရက်တွင် လူ ၁၀ဝ၀ ကျော်သည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းများတည်ရှိသည့် ရပ်ကွက်တွင် လူများသည် ဝီဂါအလံများနှင့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ အနက်ရောင်ဝတ်စုံများနှင့် မျက်နှာဖုံးများစွပ်ထားသည့် လူငယ်နှင့် လူကြီးများစွာသည် ဝီဂါတွေကို လွတ်လပ်ခွင့်ပေး၊ ဟောင်ကောင်ကို လွတ်လပ်ခွင့်ပေး ၊ တရုတ်က အတုအယောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဟု ရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရှင်ကျန်းဒေသရှိ ဝီဂါများဆိုင်ရာ တရုတ်အစိုးရ၏မူဝါဒကို အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ဝေဖန်ပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများရှိလာခဲ့ခြင်းဖြစ်သည်။ ဝီဂါများသည် ဖိနှိပ်မှုကို ဆန့်ကျင်သည့် သူရဲကောင်းများဖြစ်ကြကြောင်း တူရကီနွယ်ဖွား ဂျာမန်မွတ်စလင်တစ်ဦးဖြစ်သည့် အိုဇေးလ်က တွစ်တာ၌ ရေးသားခဲ့သည်။

ဟောင်ကောင်တွင်သာမက ကမ္ဘာ့နေရာအစုံတွင် လွတ်လပ်မှုရှိစေချင်ကြောင်း ယခုဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် ဝမ် ဟု မျိုးရိုးအမည်ရှိသည့် အမျိုးသမီးတစ်ဦးကပြောဆိုခဲ့သည်။ ရှင်ကျန်းဒေသ၌ ၂၀၁၇ ခုနှစ်မှစ၍ ဝီဂါနှင့် လူနည်းစုဝင်မွတ်စလင်မျိုးနွယ် တစ်သန်းနီးပါးသည် ထိန်းသိမ်းရေးစခန်းများတွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂရှိ ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကပြောဆိုခဲ့သည်။

သို့သော် အကြမ်းဖက်မှုဘက်သို့ စိတ်မရောက်စေရေးအတွက် ဝီဂါများကို အသက်မွေးဝမ်းကျောင်း သင်တန်းပေးခြင်းဖြစ်ကြောင်း တရုတ်အစိုးရက တုံ့ပြန်ထားသည်။ အခြားနိုင်ငံများသည် ၎င်းတို့၏ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရန် တရုတ်အစိုးရက သတိပေးထားသည်။