အကြောက်တရားလွှမ်းမိုးအောင် အတိုက်အခံများက ဖန်တီးနေကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ စွပ်စွဲ

အကြောက်တရားလွှမ်းမိုးအောင် အတိုက်အခံများက ဖန်တီးနေကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ စွပ်စွဲ

အိန္ဒိယအစိုးရ အတည်ပြုထားသည့် မွတ်စလင်များကိုဖယ်ထုတ်သော နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းဆန့်ကျင်ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားနေချိန်တွင် အိန္ဒိယဝန်ကြီးချုပ်နာရိန္ဒြာမိုဒီက အတိုက်အခံများသည် နိုင်ငံတွင်း အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

ဥပဒေကို လွှတ်တော်က အတည်ပြုပေးခဲ့သည့် ဒီဇင်ဘာ အစောပိုင်းမှစ၍ ဆန္ဒပြမှုများအတွင်း လူ ၂၃ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ သေဆုံးသူအများစုမှာ နိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှဖြစ်သည်။ အိန္ဒိယရှိ မွတ်စလင် သန်း ၂၀ဝ အနက် ၂၀ ရာခိုင်နှုန်းသည် ဥတ္တရာပရာဒေ့ရှ်၌ နေထိုင်ကြသည်။

ပြည်နယ်တွင်းသေဆုံးခဲ့သူ ၁၅ ဦးအနက် အသက် ၈ နှစ်အရွယ်ယောကျာ်းလေးတစ်ဦးပါဝင်ပြီး ၎င်းသည် ဗာရာဏသီမြို့ရှိ လူအုပ်ပြိုမှုအတွင်း ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

ဆန္ဒပြမှုများကိုတန်ပြန်ရန်အတွက် အာဏာပိုင်များသည် လူစုလူဝေးမပြုရန်ပိတ်ပင်ချက်ချမှတ်ထားပြီး မြို့အချို့တွင် အင်တာနက်ဖြတ်တောက်ထားသည်။ ထို့ပြင် ပြန်ကြားရေးနှင့် ရုပ်သံထုတ်လွှင့်ရေးဝန်ကြီးဌာနက ရုပ်သံဌာနများအနေဖြင့် အကြမ်းဖက်မှုများဖြစ်အောင် လှုံ့ဆော်နိုင်ခြေရှိသည့်  အကြောင်းအရာများကို ထုတ်လွှင့်ပြသခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီတွင်ပြုလုပ်မည့်  နယူးဒေလီလွှတ်တော် ရွေးကောက်ပွဲများတွင် ပါဝင်မည့် ၎င်း၏ အာဏာရ ဗာရာတီယ ဇနတပါတီအတွက် မဲဆွယ်စည်းရုံးရင်း မိုဒီက အတိုက်အခံများကို စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်း ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဟိန္ဒူ၊ ခရစ်ယာန်နှင့် အခြားဘာသာရေးအရ လူနည်းစုဝင်များကို နိုင်ငံသားဖြစ်ခွင့်ပြုသည့် ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားများ မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။ ဥပဒေအရ အခြားနိုင်ငံများမှထွက်ပြေးလာသည့် မွတ်စလင်များ နိုင်ငံသားဖြစ်ခွင့်မရှိချေ။

ဥပဒေသည် အိန္ဒိယ၏အရပ်ဘက်ဝါဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘီဂျေပီပါတီဦးဆောင်သော အစိုးရက နိုင်ငံတွင်းရှိ သန်း ၂၀ဝ ရှိသော မွတ်စလင်များကို ဘေးဖယ်ထုတ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။