ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ သစ်တောများထဲတွင် စခန်းချသော မွတ်စလင်စစ်သွေးကြွ အဘူဆေယက်ဖ်အဖွဲ့ ဖမ်းဆီးထားသည့် အင်ဒိုနီးရှားနိုင်ငံသား ဓားစာခံသုံးဦးအနက် နှစ်ဦးကို ဖိလစ်ပိုင်စစ်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း တိုင်းမှူးတစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
ဆူးလူးခရိုင် ပါနာမော်မြို့အလွန်ရှိ တောတောင်ထဲ၌ ဒီဇင်ဘာ ၂၂ ရက် အာရုံတက်ချိန်တွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်သည်တစ်ဦးနှင့် စစ်သွေးကြွတစ်ဦးတို့သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များသည် အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ် စီရီလီတို ဆိုဘဲဂျာနာက ပြောသည်။ တတိယမြောက် အင်ဒိုနီးရှားနိုင်ငံသားကို ကယ်တင်နိုင်ရန် စစ်သည်များသည် တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များ၏ ပစ်ကူဖြင့် ကြိုးပမ်းလျက်ရှိသည်။
မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားစစ်တပ်များသည် ရေပိုင်နက်နယ်စပ်များတစ်လျှောက် ဓားစာခံအဖြစ် ဖမ်းဆီးမှုများကို တားဆီးနိုင်ရန် ကြိုးပမ်းနေသော်လည်း စက်တင်ဘာတွင် မလေးရှားဆာဘားပြည်နယ်ကမ်းလွန်၌ အဘူဆေယက်ဖ်မှ လက်နက်ကိုင်များသည် အင်ဒိုနီးရှားငါးဖမ်းသမားသုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုးစစ်ဆင်မှုများကြောင့် အဘူဆေယက်ဖ်ကဲ့သို့ စစ်သွေးကြွများက ဓားစာခံအဖြစ်ဖမ်းဆီးကာ ပြန်ပေးငွေတောင်းမှုများ လျော့ကျသွားခဲ့သော်လည်း ဓားစာခံအဖြစ် ဖမ်းဆီးမှုများ မကြာခဏဖြစ်ပွားနေဆဲဖြစ်သည်။ အဘူဆေယက်ဖ်ကို အမေရိကန်နှင့် ဖိလစ်ပိုင်တို့က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည်။
ဖိလစ်ပိုင်စစ်သည် ဆူးလူးရှိ တောင်ထူထပ်သော ပါတီကူမြို့နား၌ အဘူဆေယက်ဖ်တပ်မှူး တာဟာ ဂျမ်ဆာကို သုတ်သင်နိုင်ခဲ့သည်။ ဂျမ်ဆာသည် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် ဒေသတွင်းရှိ ဂျီဟတ်ဝါဒီစစ်သွေးကြွများကြား အဓိကဆက်သွယ်ပေးနေသူဖြစ်ပြီး ယခုနှစ်အတွင်း ဆူးလူး၌ အသေခံဗုံးခွဲတိုက်ခိုက်မှုအများစုကို စီစဉ်ခဲ့သူဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်ကပြောဆိုခဲ့သည်။

















