ဟွန်ဒူးရက်စ်နိုင်ငံ လူငယ်ပြုပြင်ရေးစခန်း အကျဉ်းထောင်တွင် ဒီဇင်ဘာ ၂၂ ရက်က ထောင်တွင်းရန်ပွဲကြောင့် အကျဉ်းသား ၁၆ ဦးထိ သေဆုံးခဲ့ကြောင်း သိရသည်။ အခြားအကျဉ်းထောင်တစ်ခုတွင် အလားတူ ထောင်တွင်းရန်ပွဲကြောင့် အကျဉ်းသား ၁၈ ဦး သေဆုံးမှုဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။
မြို့တော် တီဂူစီဂယ်ပါမှ ၇၂ မိုင်အကွာ အယ် ပိုဗီနာမြို့ရှိ အကျဉ်းထောင်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ အကျဉ်းထောင်တွင်း ရန်ပွဲကြောင့် သေဆုံးမှုများရှိကြောင်းကို ဟွန်ဒူးရက်စ် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းထားသော လုံခြုံရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဟိုဆေး ကော်ရယ်လိုကလည်း အတည်ပြုထားသည်။ ဟွန်ဒူးရက်စ်တွင် အကျဉ်းထောင် မတည်ငြိမ်မှုများ များပြားလာမှုကို ထိန်းချုပ်နိုင်ရန် ထိုပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ပြည်ထောင်စု အစိုးရသည် ဒီဇင်ဘာ ၁၇ ရက်မှ စတင်ကာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ပူးပေါင်းလုံခြုံရေးအဖွဲ့သည် နိုင်ငံအတွင်း အကျဉ်းထောင်နှင့် လူငယ်ပြုပြင်ရေးစခန်း စုစုပေါင်း ၂၉ ခုကို တာဝန်ယူထားသည်။ အကျဉ်းထောင်များမှ အရပ်ဘက် ကော်မရှင်နာများကို ရာထူးချထားခဲ့ပြီး အထူးကော်မရှင်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။အကျဉ်းထောင်စနစ်အတွင်း အကျင့်ပျက်ခြစားမှုများ ဖော်ထုတ် အရေးယူမည်ဟုလည်း အစိုးရက ကြေညာထားသည်။
အယ် ပိုဗီနာမြို့ရှိ အကျဉ်းထောင် ရန်ပွဲသည် ထမင်းစားနေချိန်တွင် စတင်ခဲ့ပြီး အကျဉ်းသားတစ်စုက တုတ်၊ ဓားများဖြင့် အခြားအဖွဲ့တစ်ဖွဲ့ကို ဝင်ခုတ်မှုကြောင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရန်ပွဲကြောင့် အကျဉ်းသား အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။
တာလာမြို့ အကျဉ်းထောင်တွင်လည်း အလားတူပင် အကျဉ်းသားအုပ်စုချင်း ရန်ပွဲဖြစ်ပွားကာ အချို့အကျဉ်းသားများသည် ဓားသာမက သေနတ်များပါ ကိုင်ဆောင်ပစ်ခတ်သဖြင့် စုစုပေါင်း ၁၈ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာ ၂၂ ရက် အကျဉ်းထောင် ရန်ပွဲမတိုင်မီ ဟွန်ဒူးရက်စ် တက္ကသိုလ်က ထုတ်ပြန်သော အကျဉ်းထောင်တွင်း အကြမ်းဖက်မှုများ စာရင်းအရလည်း ၂၀၁၉ ခုနှစ်အတွင်း အကျဉ်းထောင်တွင်း ရန်ပွဲသုံးကြိမ်ကြောင့် ၂၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

















