နောက်ထပ် ခိုလှုံသူများ လက်ခံရန် မဖြစ်နိုင်တော့ဟု တူရကီ သမ္မတပြော

နောက်ထပ် ခိုလှုံသူများ လက်ခံရန် မဖြစ်နိုင်တော့ဟု တူရကီ သမ္မတပြော

ဆီးရီးယားဘက်မှ ထပ်ဝင်လာမည့် ခိုလှုံသူ လှိုင်းလုံးကို တူရကီက ထပ်မံလက်ခံရန် မဖြစ်နိုင်တော့ကြောင်း တူရကီသမ္မတ ရီဆပ်တေရစ် အာဒိုဂန်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ဆီးရီးယား အနောက်မြောက်ပိုင်း အီလစ်ပြည်နယ်တွင် ရုရှားနှင့် ဆီးရီးယား အစိုးရက ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထောင်သောင်းချီသော စစ်ဘေးရှောင် ခိုလှုံသူများသည် တူရကီ နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။ တူရကီသည် လက်ရှိမှာပင် ဆီးရီးယား ခိုလှုံသူ ၃ ဒသမ ၇ သန်းကို လက်ခံထားပြီး ကမ္ဘာပေါ်တွင် အများဆုံး ခိုလှုံသူပမာဏဖြစ်သည်။

တူရကီသည် ထပ်တိုးဝင်လာမည့် ခိုလှုံသူများကို လက်ခံနိုင်စွမ်း မရှိတော့သဖြင့် ဥရောပ ဂိတ်တံခါးကို ဖွင့်လှစ်ပေးကာ ဥရောပဘက်သို့ ခိုလှုံသူများကို စေလွှတ်ရလိမ့်မည်ဖြစ်ကြောင်းလည်း သမ္မတ အာဒိုဂန်က သတိပေးသည်။ ဆီးရီးယား အစိုးရအတိုက်အခံ သူပုန်များ ထိန်းချုပ်ထားသော အီလစ်ပြည်နယ်တွင် ခိုလှုံသူ သုံးသန်းကျော် ရှိနေပြီး အစိုးရထိုးစစ်များ တိုးမြှင့်လာသည်နှင့်အမျှ ခိုလှုံသူများသည် တူရကီဘက်သို့ ကူးဝင်ခိုလှုံလာရန် ရှိနေသည်။

လက်ရှိမှာပင် အီလစ်ပြည်နယ်ဘက်မှ နောက်ထပ် ခိုလှုံသူ ရှစ်သောင်းကျော် တူရကီနယ်စပ်သို့ ရောက်ရှိနေကြောင်း သမ္မတ အာဒိုဂန်က ပြောသည်။ ရုရှားနှင့် ဆီးရီးယားက အီလစ်ပြည်နယ်အတွင်း ထိုးစစ်များ အရှိန်မလျှော့လျှင် တူရကီထဲ တိုးဝင်လာမည့် ခိုလှုံသူများကို ဥရောပသို့ လမ်းဖွင့်ပေးရလိမ့်မည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောသည်။

အီလစ်ပြည်နယ်အတွင်း ခိုလှုံသူများကို အကြမ်းဖက်နေခြင်းများ မရပ်တန့်ပါက ၂၀၁၅ ခုနှစ် ဥရောပသို့ ခိုလှုံသူ တစ်သန်းကျော် ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်မျိုး တစ်ကျော့ပြန် ဖြစ်ပွားလာမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ဆိုသည်။ အီလစ်ပြည်နယ်အတွင်း တိုက်ပွဲများအရေး ဆွေးနွေးရန် တူရကီ ကိုယ်စားလှယ်အဖွဲ့ကို မော်စကိုသို့ စေလွှတ်ထားကြောင်း သိရသည်။ ရုရှားနှင့် တူရကီတို့ စေ့စပ်သဘောတူချက်အရ အပစ်အခတ်ရပ်စဲရေး အသက်ဝင်နေသဖြင့် အီလစ်ပြည်နယ်တွင် အဓိကတိုက်ပွဲကြီးများ ရပ်ဆိုင်းသွားသော်လည်း အစိုးရလေကြောင်းတိုက်ခိုက်မှုများက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေဆဲ ဖြစ်သည်။