ယူကရိန်းသမ္မတနှင့် ဖုန်းပြောပြီး မိနစ်ပိုင်းအတွင်းမှာပင် ယူကရိန်းရန်ပုံငွေများကို ထရမ့် ဆိုင်းငံ့ထားခဲ့ဟု သက်သေအသစ်များအရ သိရ

ယူကရိန်းသမ္မတနှင့် ဖုန်းပြောပြီး မိနစ်ပိုင်းအတွင်းမှာပင် ယူကရိန်းရန်ပုံငွေများကို ထရမ့် ဆိုင်းငံ့ထားခဲ့ဟု သက်သေအသစ်များအရ သိရ

သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးကို ယခုနှစ် ဇူလိုင်လက ဖုန်းဆက်ပြီး ၉၁ မိနစ်အကြာတွင် ယူကရိန်းအတွက် လွှတ်တော်က ချထားပေးသော စစ်ရေးအကူအညီ ရန်ပုံငွေများကို ဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော် အီးမေး မှတ်တမ်းအရ သိရသည်။

ဖုန်းပြောဆိုမှုအတွင်း သမ္မတ ထရမ့်သည် နိုင်ငံရေးပြိုင်ဘက် ဒီမိုကရက် ဂျိုး ဘိုင်ဒန်ကို စုံစမ်းစစ်ဆေးပေးရန် ယူကရိန်းသမ္မတ ဇီလန်းစကီးကို ဖိအားပေးခဲ့သည်။ သမ္မတ ထရမ့်သည် နိုင်ငံ့ဘဏ္ဍာငွေကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရက်များက စွပ်စွဲထားသည်။

ထိုဖုန်းခေါ်ဆိုမှု မှတ်တမ်းသည် သမ္မတ ထရမ့်ကို လုပ်ပိုင်ခွင့်အလွဲသုံးစားမှုဖြင့် အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့သည့် အဓိကအကြောင်းရင်းလည်း ဖြစ်သည်။ သမ္မတ ထရမ့်နှင့် သမ္မတ ဇီလန်းစကီးတို့ ဖုန်းပြောဆိုမှုကို ကြားသိသည့် ဝန်ထမ်းတစ်ဦးက ဖော်ထုတ်တိုင်ကြားရာမှတစ်ဆင့် သမ္မတ ထရမ့်ကို အောက်လွှတ်တော်က စွပ်စွဲပြစ်တင်သည့်အဆင့်ထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သမ္မတ ထရမ့်ကို ဖြုတ်ချသင့် မသင့်ကို အထက်လွှတ်တော်က ဆက်လက်ကြားနာမည်ဖြစ်ပြီး အထက်လွှတ်တော်တွင် ထရမ့်၏ ရီပတ်ဘလီကန် ပါတီဝင်များ ကြီးစိုးထားသဖြင့် ဖြုတ်ချခံရနိုင်ခြေ အလွန်နည်းလျက်ရှိသည်။ အိမ်ဖြူတော်အီးမေးမှတ်တမ်း ထုတ်ပြန်ပေးရန် တရားရုံးက အမိန့်ချမှတ်မှုကြောင့် အီးမေး သက်သေမှတ်တမ်းများ ရရှိလာခြင်းဖြစ်ပြီး ဖုန်းပြောဆိုပြီး ၉၁ မိနစ်အကြာတွင် ယူကရိန်းစစ်ရေး ရန်ပုံငွေ ဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့သည့် အီးမေး ပေးပို့ခဲ့ကြောင်း သိရသည်။

အထက်လွှတ်တော်တွင် အမတ်နေရာ ၁၀ဝ အနက် ရီပတ်ဘလီကန်က ၅၃ နေရာ ထိန်းချုပ်ထားပြီး သမ္မတကို ဖြုတ်ချရန် မဲ သုံးပုံနှစ်ပုံအထက် လိုအပ်သည်ဖြစ်ရာ ဒီမိုကရက်များအနေဖြင့် သမ္မတကို ဖြုတ်ချနိုင်ရေး ဖြစ်နိုင်ခြေ အလွန်နည်းလျက်ရှိသည်။ အီးမေး သက်သေထွက်ပေါ်လာသဖြင့် သက်ဆိုင်ရာ သက်သေအသစ်များကို ထပ်မံစစ်ဆေးရန် လိုအပ်လာကြောင်းလည်း အထက်လွှတ်တော် ဒီမိုကရက်အမတ် ချက် ရှူးမားက ပြောသည်။ သမ္မတ ထရမ့်ကမူ ဒီမိုကရက်များက မိမိကို ဖြုတ်ချရန် ကြိုးပမ်းနေခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။