ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အတည်ပြုပြောဆို

ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အတည်ပြုပြောဆို

ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ပြီး ငြိမ်းချမ်းရေးအဓွန့်ရှည်ကြာရေးတို့အတွက် တစ်စိုက်မတ်မတ်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်ဝန်ကြီးချုပ် လီကဲ့ချန်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် အတည်ပြုပြောဆိုခဲ့သည်။
 

သုံးနိုင်ငံခေါင်းဆောင်များသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချိန်တုမြို့၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီယားတို့ကြား ဆွေးနွေးပြောဆိုမှုများရှိလာရေး ကြိုးပမ်းဆောင်ရွက်ပေးရန် သုံးနိ်ုင်ငံခေါင်းဆောင်များ သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းက ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ရှိ ငြိမ်းချမ်းရေးသည် သုံးနိုင်ငံအတွက် ဘုံအကျိုးစီးပွားဟု ယူဆထားပြီး မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြား ဆွေးနွေးမှုမှတစ်ဆင့် နျူလက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း မွန်းက ဆက်လက်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားအရေး ရလဒ်ထွက်လာရန် သုံးနိုင်ငံခေါင်းဆောင်များ ပုူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လီက ပြောဆိုခဲ့သည်။ တရုတ်သည် မြောက်ကိုရီးယား၏ အရေးပါသော စီးပွားရေးနှင့် သံတမန်ရေးမဟာမိတ်ဖြစ်သော်လည်း မြောက်ကိုရီးယား၏ဒုံးကျည်နှင့် နျူစမ်းသပ်မှုများကြောင့် တရုတ်မကျေမနပ်ဖြစ်ခဲ့ရပြီးဖြစ်သည်။

ဆွေးနွေးမှုများတန့်နေခြင်း အဆုံးသတ်ပြီး ပြန်လည်ဆွေးနွေးနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းပေးရန် တရုတ်နှင့် ရုရှားတို့က လွန်ခဲ့သောအပတ်တွင် အဆိုပြုခဲ့ပြီးဖြစ်သည်။

အရှေ့အာရှရှိ လုံခြုံရေးအခြေအနေကိုသုံးသပ်မှုအရ ဂျပန်နှင့် တောင်ကိုရီးယားတို့ကြားဆက်ဆံရေးသာမက ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးသည်လည်း အရေးပါကြောင်း ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြောဆိုခဲ့သည်။