အင်ဒိုနီးရှားနိုင်ငံ တောင်ဆုမတြားခရိုင်၌ ဒီဇင်ဘာ ၂၃ ရက် သန်းခေါင်ယံအချိန်တွင် ခရီးသည်တင်ဘတ်စကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့မှုကြောင့် လူ ၂၄ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောဆိုခဲ့သည်။
ခရီးသည် ၅၀ ခန့်လိုက်ပါလာသည့် ဘတ်စကားသည် ချောက်ထဲသို့ မီတာ ၁၅၀( ပေ ၅၀ဝ) ခန့်ထိုးကျခဲ့ပြီး ယင်းမှတစ်ဆင့် မြစ်ထဲသို့ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ဒေါ်လီ ဂူမာရာက ပြောဆိုခဲ့သည်။
ဘတ်စကားသည် လမ်းနံဘေးရှိ ကွန်ကရစ်အရံအတားကို ဝင်တိုက်ပြီးနောက် ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကာ ဘတ်စကားထဲတွင် လူအချို့ ပိတ်မိနေဆဲဖြစ်ကြောင်း ဂူမာရာကပြောဆိုခဲ့သည်။ ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်ပြုလုပ်နေပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းက ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
ဝေးလံခေါင်သီပြီး ချောက်ပေါများသည့် ပါဂါအာလမ်မြို့တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘတ်စကားသည် ဘန်ကူးလူးခရိုင်မှ ပါဂါအာလမ်သို့ ခရီးသည် ၂၇ ဦးဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လမ်းတွင် အခြားခရီးသည်များထပ်မံလိုက်ပါလာခြင်းဖြစ်ကာ အခင်းဖြစ်ချိန်တွင် ခရီးသည် ၅၀ ဦးခန့်ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။
အနောက်ဂျာဗားရှိ ဆူဘာကူမီခရိုင်၌ စက်တင်ဘာတွင် ဘတ်စကားတစ်စီး ချောက်ထဲသို့ ထိုးကျမှုကြောင့် လူ ၂၁ ဦးခန့်သေဆုံးခဲ့သည်။

















