အီရန်၌ ဆန္ဒပြမှုများဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် အီရန်မဟာခေါင်းဆောင် အယာတိုလာ အလီ ခါမဲနေသည် လုံခြုံရေးနှင့် အစိုးရအရာရှိများကို အစည်းအဝေးခေါ်ယူပြီး ဆန္ဒပြမှုများရပ်တန့်သွားရေး လုပ်နိုင်သမျှကို အစွမ်းကုန်လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
ယခုဆန္ဒပြသူများကို နှိမ်နင်းမှုသည် ၁၉၇၉ ခုနှစ် အစ္စလာမ်တော်လှန်ရေးဖြစ်ပွားချိန်မှစ၍ သွေးမြေကျမှုအများဆုံး နှိမ်နင်းမှုဖြစ်ကြောင်း မဟာခေါင်းဆောင်၏အတွင်းစည်းနေများနှင့် အစိုးရအရာရှိတစ်ဦးတို့၏ပြောဆိုမှုများအရ သိရသည်။ နိုဝင်ဘာ ၁၅ ရက်တွင် စတင်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်ကြာ ဆန္ဒပြမှုများအတွင်း လူ ၁၅၀ဝ ခန့် သတ်ဖြတ်ခံခဲ့ရသည်။ ယင်းသေဆုံးသူများတွင် ဆယ်ကျော်သက် ၁၇ ဦးနှင့် အမျိုးသမီး ၄၀ဝ ဦးတို့ပါဝင်ကြောင်း ရိုက်တာစ်သတင်းဌာနနှင့် အီရန်ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိသုံးဦးတို့၏ပြောဆိုမှုများအရ သိရသည်။
အီရန်အစိုးရအရာရှိများသည် လုံခြုံရေးတပ်ဖွဲ့၊ ရင်ခွဲရုံ၊ ဆေးရုံတို့မှ ရရှိသော သတင်းအချက်များအပေါ် အခြေခံကာ သတင်းပေးခြင်းဖြစ်သည်။ ခါမဲနေက နိုဝင်ဘာ ၁၇ ရက် အစည်းအဝေးတွင် အထက်ပါအတိုင်းညွှန်ကြားခဲ့ခြင်းရှိမရှိကို အီရန်အစိုးရ၏ပြောခွင့်ရှိသူ အတည်ပြုပြောဆိုခြင်းမပြုခဲ့ချေ။ သို့သော် သေဆုံးသူစာရင်းသည် သတင်းတုသာဖြစ်ကြောင်း အီရန်မဟာအမျိုးသားလုံခြုံရေးကောင်စီ၏ပြောခွင့်ရှိသူက တုံ့ပြန်ပြောဆိုခဲ့သည်။
ဓာတ်ဆီဈေးနှုန်းမြင့်တက်မှုကို မကျေမနပ်ဆန္ဒပြမှုသည် နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့သွားပြီး အီရန်အုပ်ချုပ်သူများအပေါ် ဝေဖန်မှုအထိ အရှိန်မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ဆန္ဒပြမှုသည် မြို့တော် တီဟီရန်သို့ရောက်ရှိလာခဲ့ပြီး အီရန်ခေါင်းဆောင်များကို ဖြုတ်ချရေး တောင်းဆိုမှုအထိ ရှိလာခဲ့သည်။ ဆန္ဒပြသူများသည် ခါမဲနေ၏ဓာတ်ပုံများကို မီးရှို့ဖျက်ဆီးပြီး ဖြုတ်ချခံ ရှားဘုရင်၏ ပြည်ပရောက်သားဖြစ်သူ ရီဇာ ပါလာဗီကို နေရပ်သို့ပြန်ခေါ်ရန် တောင်းဆိုခဲ့ကြသည်။
ယင်းနောက်တွင် ခါမဲနေသည် အစိုးရအဆင့်မြင့်အရာရှိများကို အစည်းအဝေးခေါ်ယူပြီး အစ္စလာမ်ပြည်သူ့သမ္မတနိုင်ငံ၏ရန်သူများက အစိုးရကိုဖြုတ်ချရန် လိုလားနေသောကြောင့် ၎င်းတို့ကို နည်းလမ်းမျိုးစုံဖြင့် နှိ်မ်နင်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

















