ဝါရှင်တန်ပို့စ် သတင်းစာဆောင်းပါးရှင်တစ်ဦးဖြစ်သလို ဆော်ဒီတော်ဝင်မိသားစု၏လုပ်ရပ်များကို ဝေဖန်ပြောဆိုခဲ့သည့် ဂျမယ် ခါရှောဂီကို တူရကီနိုင်ငံ အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင်း သတ်ဖြတ်ခဲ့မှုနှင့်ဆက်စပ်၍ လူငါးဦးအား ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်ရှိ တရားရုံးတစ်ရုံးက ဒီဇင်ဘာ ၂၃ ရက်တွင် သေဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။
ထို့ပြင် ပြစ်မှုကိုဖုံးဖိထားမှုဖြင့် အခြားလူသုံးဦးကိုလည်း စုစုပေါင်းထောင်ဒဏ် ၂၄ နှစ်ချမှတ်ခဲ့ကြောင်း ဆော်ဒီရှေ့နေချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ ခါရှောဂီကိုသတ်ဖြတ်မှုဖြင့် ဆော်ဒီအာရေဗျ၌ လူ ၁၁ ဦးကို ရုံးတင်စစ်ဆေးခဲ့သည်။ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူများ၏အမည်များကို အစိုးရက ထုတ်ပြန်ပြောဆိုခြင်းမပြုခဲ့ချေ။ ဆော်ဒီ၌ သေဒဏ်စီရင်ရာတွင် ခေါင်းဖြတ်စီရင်လေ့ရှိသည်။ ယခုချမှတ်လိုက်သည့် ပြစ်ဒဏ်များကို အယူခံဝင်ခွင့်ရှိနေသည်။
တရားရုံး၏ကြားနာစစ်ဆေးမှုများသိုု့ တူရကီအပါအဝင် နိုင်ငံအချို့မှ သံတမန်အနည်းငယ်နှင့် ခါရှောဂီမိသားစုဝင်များကို တက်ရောက်ခွင့်ပြုခဲ့သည်။ ပုဂ္ဂလိကပိုင်မီဒီယာများကိုမူပိတ်ပင်ခဲ့သည်။
ခါရှောဂီအား ကြိုတင်စီစဉ်ပြီး သတ်ဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း ရှေ့နေချုပ်ရုံး၏ပြောခွင့်ရှိသူ ရှားလန် အယ်လ်-ရှားလန်ကပြောဆိုခဲ့သည်။ သို့သော် ခါရှောဂီကိုသတ်ဖြတ်ရန် ဆော်ဒီအာရေဗျမှ လူတစ်စုကို ကောင်စစ်ဝန်ရုံးသို့ ကြိုတင်စေလွှတ်ထားခဲ့ကြောင်း သက်သေအထောက်အထားများလည်း ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
ယခုပြစ်ဒဏ်ချမှတ်မှုသည် ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးခြင်းသာဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောဆိုခဲ့သည်။ ရုံးတင်စစ်ဆေးမှုသည် တရားမျှတမှုကို လှောင်ပြောင်မှုတစ်ခုသာဖြစ်ကြောင်း ကုလသမဂ္ဂအတွက် ယခုအမှုကို စုံစမ်းစစ်ဆေးပေးခဲ့သည့် အဂ္ဂနိစ် ကာလာမာ့ကပြောဆိုခဲ့သည်။ တရားရုံး၏ဆုံးဖြတ်ချက်သည် လက်ခံချင်စရာမကောင်းကြောင်း ခါရှောဂီ၏တူရကီနိုင်ငံသူ ချစ်သူမိန်းကလေး ဟာတစ် ဆန်ဂစ်ကပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် နေထိ်ုင်ခွင့်ရထားသော ခါရှောဂီသည် လက်ထပ်ခွင့်ပြုသည့် စာရွက်စာတမ်းများကို ထုတ်ယူရန် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့သွားရောက်ခဲ့သည်။ သို့သော် ၎င်းသည် ကောင်စစ်ဝန်ရုံးအပြင်သို့ ပြန်မထွက်ခဲ့သလို ၎င်း၏ရုပ်အလောင်းကိုလည်း မတွေ့ခဲ့ရချေ။
ခါရှောဂီနှင့် တွေ့ဆုံရန် ကောင်စစ်ဝန်ရုံးသို့ ဆော်ဒီမှ လူ ၁၅ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့သည်။ ယင်း ၁၅ ဦးတွင် မှုခင်းဆရာဝန်တစ်ဦး၊ ထောက်လှမ်းရေးနှင့် လုံခြုံရေးအရာရှိများ၊ ဆော်ဒီအိမ်ရှေ့စံရုံးတွင် အလုပ်လုပ်ကိုင်သူများပါဝင်ကြောင်း ကာလာမာ့၏စုံစမ်းစစ်ဆေးမှုအရသိရှိခဲ့ရသည်။ ခါရှောဂီကိုသတ်ဖြတ်ပြီး ရုပ်အလောင်းကို လွှဖြင့် တိုက်ဖြတ်ကာ တစ်စစီလုပ်ဆောင်ခဲ့ကြောင်း တူရကီအစိုးရအရာရှိများက ပြောဆိုခဲ့သည်။
ခါရှောဂီအသတ်ခံရမှုနှင့်၎င်းတို့ကြား ဆက်စပ်မှုမရှိကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်က စီဘီအက်စ်သတင်းဌာနနှင့် စက်တင်ဘာတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်ပြောဆိုခဲ့သည်။

















