ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်နှစ်စင်း ပျက်ကျမှုကြောင့် လေယာဉ်များ ဘေးကင်းလုံခြုံရေးဆိုင်ရာ မေးခွန်းထုတ်မှုများ ရင်ဆိုင်နေရသော ဘိုးရင်းကုမ္ပဏီသည် ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ရေးအတွက် အမှုဆောင်အရာရှိချုပ် ဒဲနစ် မူလန်ဘာ့ဂျ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်ပျက်ကျမှု နှစ်မှုကြောင့် လူ ၃၄၀ ကျော် သေဆုံးခဲ့ရသည်။ ဘိုးရင်းသည် ဘေးကင်းလုံခြုံရေးထက် အမြတ်အစွန်း ရရှိရေးကို ဦးစားပေးခဲ့မှုကြောင့် ထိုသို့ဖြစ်ရသည်ဟု စွပ်စွဲမှုများလည်း ကြုံနေရသည်။ မစ္စတာ မူလန်ဘာ့ဂျ်အား ထုတ်ပယ်မှုကို လေယာဉ်ပျက်ကျမှုတွင် ပါဝင်သူများ၏ မိသားစုဝင်များကလည်း ကြိုဆိုထောက်ခံလိုက်ကြသည်။
သို့သော် ၂၀ဝ၉ ခုနှစ်ကတည်းက ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေးဗစ် ကယ်လ်ဟွန်ကို အမှုဆောင်အရာရှိ ခန့်အပ်လိုက်မှုကြောင့် ဘိုးရင်းသည် အမှန်တကယ် ပြုပြင်ပြောင်းလဲရန် စိတ်ဝင်စားပါရဲ့လားဟု မေးခွန်းထုတ်မှုများလည်း ထွက်ပေါ်နေသည်။ မစ္စတာ ကယ်လ်ဟွန်သည် ဇန်နဝါရီ ၁၃ ရက်၌ စတင် တာဝန်ယူမည်ဖြစ်သည်။
ဘိုးရင်း ၇၃၇ လေယာဉ်နှစ်စင်းသည် ငါးလသာခြားပြီး ပျက်ကျခဲ့ကာ ပထမဖြစ်စဉ်သည် အင်ဒိုနီးရှားတွင်ဖြစ်ပြီး၊ ဒုတိယသည် အီသီယိုးပီးယားတွင် ဖြစ်သည်။ ယခုနှစ် မတ်လက စတင်ကာ နိုင်ငံတကာတွင် ၇၃၇ မက်စ် လေယာဉ်များ ပျံသန်းခွင့် ပိတ်ပင်ထားခဲ့သည်။ ဘိုးရင်းသည် အရောင်းရဆုံးစာရင်းဝင် ၇၃၇ မက်စ် လေယာဉ်များ နှစ်ကုန်ခန့်တွင် ပျံသန်းခွင့် ပြန်ရမည်ဟု မှန်းထားခဲ့သော်လည်း အမေရိကန် စုံစမ်းစစ်ဆေးသူများကမူ ထိုမျှမြန်မြန် ခွင့်ပြုချက် ပြန်လည်ချထားပေးရန် မဖြစ်နိုင်ကြောင်း တုံ့ပြန်ထားသည်။ အကျိုးဆက်အဖြစ် ၇၃၇ မက်စ် လေယာဉ်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဘိုးရင်းက ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက်ကလည်း ဘိုးရင်း၏ Starliner အာကာသယာဉ်သည် နည်းပညာချို့ယွင်းချက်ကြောင့် နိုင်ငံတကာအာကာသစခန်းသို့ ပုံမှန်လမ်းကြောင်းမှ သွေဖီသွားရောက်ခဲ့သဖြင့် ဘိုးရင်းအတွက် နာမည်ပျက်စရာ ထပ်မံကြုံတွေ့ခဲ့ရသည်။ ကုမ္ပဏီအနေဖြင့် အစိုးရ ဥပဒေပြုသူများ၊ ဖောက်သည်များ၊ ရှယ်ယာရှင်များ၏ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ရန်အတွက် ခေါင်းဆောင်မှုပိုင်း ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ဘိုးရင်း ဘုတ်အဖွဲ့က ထုတ်ပြန်ပြောကြားသည်။

















