ပြင်သစ် သယ်ယူပို့ဆောင်ရေးကဏ္ဍ သပိတ်မှောက် ဆန္ဒပြမှုများကြောင့် ခရစ္စမတ် ခရီးသွားရာသီ အကျပ်တွေ့

ပြင်သစ် သယ်ယူပို့ဆောင်ရေးကဏ္ဍ သပိတ်မှောက် ဆန္ဒပြမှုများကြောင့် ခရစ္စမတ် ခရီးသွားရာသီ အကျပ်တွေ့

ပြင်သစ်နိုင်ငံတွင် အစိုးရက ပင်စင်စနစ် ပြုပြင်ပြောင်းလဲခြင်းကို ဆန့်ကျင်သောအားဖြင့် ပို့ဆောင်ရေးကဏ္ဍ လုပ်သားများ သပိတ်မှောက်နေသည်မှာ ဒီဇင်ဘာ ၂၄ ရက်တွင် ရက် ၂၀ ပြည့်မြောက်ပြီဖြစ်ပြီး ရထား၊ ဘတ်စကား နည်းပါးနေသောကြောင့် ခရစ္စမတ်ကာလ ခရီးသွားမည့်သူများ အကျပ်ဆိုက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က အစိုးရနှင့် အလုပ်သမား သမဂ္ဂများ ဆွေးနွေးမှု မအောင်မြင်ခဲ့သဖြင့် ခရစ္စမတ်ကာလတွင်လည်း သပိတ်ယာယီရပ်နားပေးမည်မဟုတ်ကြောင်း အလုပ်သမားသမဂ္ဂများက ကြေညာခဲ့သည်။ ဇန်နဝါရီ ၇ ရက်တွင် အစိုးရနှင့် အလုပ်သမား သမဂ္ဂများ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း ပြင်သစ် ဝန်ကြီးချုပ် အက်ဒွပ် ဖိလစ်၏ရုံးက ထုတ်ပြန်သည်။

ဒီဇင်ဘာ ၅ ရက်က စတင်ခဲ့သော ပို့ဆောင်ရေးလုပ်သားသပိတ်ကြောင့် ပါရီ အပါအဝင် ပြင်သစ် အဓိကမြို့ကြီးများတွင် သွားလာရေးများ အကျပ်ဆိုက်ခဲ့ရကာ ခရီးသွားလာမှုများသည့် ခရစ္စမတ်ကာလတွင် ပို၍ အကျပ်ဆိုက်လျက်ရှိကြောင်း သိရသည်။ ဝန်ထမ်းများ သပိတ်မှောက်နေမှုကြောင့် SCNF ရထားလုပ်ငန်းသည် TGV အမြန်ရထားခရီးစဉ် တစ်ဝက်သာ ပြေးဆွဲနိုင်သလို၊ ဒေသတွင်း TER ရထားခရီးစဉ် သုံးပုံတစ်ပုံ၊ မြို့ပတ်ရထားခရီးစဉ် လေးပုံတစ်ပုံ၊ ပါရီနှင့် ဆင်ခြေဖုံးပြေးဆွဲသော ရထားခရီးစဉ် ငါးပုံတစ်ပုံကိုသာ ပြေးဆွဲနိုင်ခဲ့သည်။

ခရစ္စမတ်ကာလ ခရီးသွားမည့်သူများသည် ရထားကို အားမကိုးနိုင်သဖြင့် ကားစင်လုံးငှားမှုများကြောင့် ကားကုမ္ပဏီများသည်လည်း ဈေးကွက်လိုအပ်ချက်ကို လိုက်မမီနိုင် ဖြစ်နေကြောင်း သိရသည်။ ခရစ္စမတ်ကာလ ခရီးမသွားဘဲ ပါရီတွင် ကျန်ခဲ့သူများသည်လည်း ရထား၊ ဘတ်စ်များ ရှားပါးကာ လူကျပ်ကျပ်စီးနင်းရခြင်းများကြောင့် မလိုအပ်ဘဲ စိတ်ပင်ပန်းရလျက်ရှိကြောင်း သိရသည်။

ပြင်သစ်၏ ပင်စင်စနစ် ၄၂ မျိုးကို ဖျက်သိမ်းကာ တစ်မျိုးတည်းသော ပင်စင်စနစ်အဖြစ် အသက်သွင်းမည့် အစိုးရ၏ အစီအစဉ်ကို အလုပ်သမားသမဂ္ဂများက ကန့်ကွက်လျက်ရှိသည်။ ပင်စင်စနစ်သစ်ကြောင့် ပို့ဆောင်ရေးလုပ်သား အများအပြားသည် ယခင် ခံစားခွင့် အများအပြားဆုံးရှုံးရနိုင်သလို၊ စောစီးစွာ ပင်စင်ယူခွင့်များလည်း လက်လွှတ်ရနိုင်သဖြင့် သပိတ်မှောက် ကန့်ကွက်နေခြင်းဖြစ်သည်။