လုပ်ပိုင်ခွင့် အလွဲသုံးစားမှု၊ လွှတ်တော်စုံစမ်းစစ်ဆေးမှုများကို နှောင့်ယှက်မှုနှစ်ချက်ဖြင့် အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အထက်လွှတ်တော်တွင် ကြားနာစစ်ဆေးပွဲ အခြေခံစည်းမျဉ်းများနှင့် ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီနှင့် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် မစ်ချ် မက်ကော်နယ်တို့ အချင်းများလျက်ရှိကြောင်း သိရသည်။
ဒီမိုကရက်များ ထိန်းချုပ်ထားသော အောက်လွှတ်တော်၏ ဥက္ကဋ္ဌ နန်စီ ပလိုစီက ရီပတ်ဘလီကန် ထိန်းချုပ်ထားသော အထက်လွှတ်တော်တွင် ထရမ့်အား ကြားနာစစ်ဆေးပွဲသို့ ကိုယ်စားပြုတက်ရောက်မည့် မိမိတို့အဖွဲ့ဝင်များကို မရွေးချယ်ရသေးကြောင်း ပြောသည်။ အထက်လွှတ်တော်က ကြားနာစစ်ဆေးမည့် စည်းကမ်းချက်များကို သတ်မှတ်ထုတ်ပြန်ပါမှ ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်မည်ဖြစ်ကြောင်း ပလိုစီက ပြောသည်။
အထက်လွှတ်တော်တွင် ကြားနာစစ်ဆေးပွဲကို ဇန်နဝါရီလအတွင်း စတင်ဖွယ်ရှိပြီး ထရမ့်၏ ရီပတ်ဘလီကန်များက အထက်လွှတ်တော်တွင် ၅၃ - ၄၇ နေရာဖြင့် လူများစုနေရာ ရရှိထားသည်။ သမ္မတကို ဖြုတ်ချရန် အထက်လွှတ်တော်တွင် ထောက်ခံမဲ သုံးပုံ နှစ်ပုံအထက် ရရှိရန်လိုအပ်သည်ဖြစ်ရာ ထရမ့်သည် ဖြုတ်ချခံရနိုင်ခြေ အလွန်နည်းလျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်၌ အောက်လွှတ်တော်က အတည်ပြုခဲ့သော ထရမ့် စွပ်စွဲပြစ်တင်ရေးအဆိုကို ပလိုစီသည် အထက်လွှတ်တော်သို့ ပေးပို့ခြင်းမရှိသေးဘဲ အထက်လွှတ်တော်၏ ကြားနာမှုဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်မည့်အချိန်ကို စောင့်ဆိ်ုင်းလျက်ရှိသည်။
အထက်လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင် မက်ကော်နယ်က "ပလိုစီက ကျုပ်တို့ အလုပ်ဘယ်လိုလုပ်ရမလဲ ဆရာလုပ်ချင်နေပုံပဲ။ သူ့ဘက်က အထက်လွှတ်တော်ကို တင်သွင်းစရာရှိတဲ့ အဆိုကို မတင်သေးဘဲ ကိုင်ထားပြီး ကျုပ်တို့ကို ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ညွှန်ကြားချင်နေတယ်။ ကျုပ်ကတော့ မလောပါဘူး။ အဆိုမတင်သွင်းသေးဘဲ ကိုင်ထားချင်လည်း ကြိုက်သလောက်သာ ကိုင်ထား" ဟု ဝေဖန်ပြောကြားသည်။
ဘီလ်ကလင်တန်ကို အထက်လွှတ်တော်တွင် ကြားနာစစ်ဆေးခဲ့စဉ်က စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းများအတိုင်း ကျင့်သုံးသွားမည်ဖြစ်ကြောင်း မစ္စတာ မက်ကော်နယ်က ပြောသည်။

















