ကျွန်းဖြူမီးတောင် ပေါက်ကွဲမှုမှ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေရေးအား ရပ်ဆိုင်း

ကျွန်းဖြူမီးတောင် ပေါက်ကွဲမှုမှ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေရေးအား ရပ်ဆိုင်း

နယူးဇီလန်နိုင်ငံတွင် ယခုလဆန်းပိုင်းက ကျွန်းဖြူမီးတောင် ပေါက်ကွဲမှုကြောင့် လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ရှာဖွေရေးများ ရပ်ဆိုင်းလိုက်သည့်အကြောင်းကို ပျောက်ဆုံးနေသူနှစ်ဦး၏ မိသားစုများကိုလည်း အကြောင်းကြားထားကြောင်း၊ သတင်းထူး ရသည်နှင့် ချက်ချင်းလှုပ်ရှားနိုင်ရန် ရဲတပ်ဖွဲ့က ပြင်ဆင်ထားကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အသက် ၁၇ နှစ်အရွယ် သြစတြေးလျခရီးသွား ဝီနိုနာ လန်ဖို့ဒ်နှင့် အသက် ၄၀ အရွယ် နယူးဇီလန် ဧည့်လမ်းညွှန် ဟေဒန် မာရယ် အင်မန်တို့ ပျောက်ဆုံးနေခြင်းဖြစ်ပြီး မီးတောင်ဝန်းကျင် ပင်လယ်ပြင်အတွင်း ကျရောက်သေဆုံးဖွယ်ရှိကြောင်း ယူဆထားသည်။

ဒဏ်ရာရရှိသူများအနက် တစ်ဦးသည် အုတ်ကလန်မြို့ ဆေးရုံတွင် သေဆုံးသဖြင့် ကျွန်းဖြူ မီးတောင်ပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး ၁၇ ဦးထိ သေဆုံးခဲ့ပြီဖြစ်သည်။ ကျွန်းဖြူမီးတောင်ကို ဒေသခံ မော်ရီ တိုင်းရင်းသားဘာသာဖြင့် ဝါကာရီဟုလည်း ခေါ်တွင်သည်။ သေဆုံးသူ အများစုမှာ သြစတြေးလျ ခရီးသွားများဖြစ်ကြောင်း သိရသည်။

သက်ဝင်လှုပ်ရှားနေသည့် မီးတောင်ပေါ်သို့ ခရီးသွားများ သွားရောက်ခွင့်ပြုထားသည့် နယူးဇီလန် အစိုးရကိုလည်း ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ ယခုလို အဖြစ်ဆိုးကြောင့် နယူးဇီလန်၏ စွန့်စား ခရီးသွား လုပ်ငန်းတွင် အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများ ပေါ်ကောင်းပေါ်လာနိုင်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိသည်။

ကျွန်းဖြူမီးတောင် ပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှု ရှိ မရှိ စုံစမ်းစစ်ဆေးမှုများ တစ်နှစ်ခန့် အချိန်ယူ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ပြောသည်။