လီဗာပူးအသင်းသည် ဒီဇင်ဘာ ၂၆ ရက်က ဘောက် ဆင်ဒေးပွဲအဖြစ် လက်စတာကွင်းတွင် သွားရောက်ယှဉ်ပြိုင် ခဲ့ရာ အကောင်းဆုံးခြေစွမ်းဖြင့်ကစားခဲ့ပြီး လေးဂိုးပြတ် အနိုင်ရခဲ့သောကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်ခဲ့ကြောင်း သိရသည်။
နှစ်သင်းစလုံးတွင် အမာခံကစားသမားများပါဝင်ခဲ့ပြီးလီဗာပူးမှာ ကစားပုံပိုကောင်းခဲ့သည်။ လီဗာပူးအတွက် အဖွင့်ဂိုးကို ဖာမီနိုက ၃၁ မိနစ်တွင် သွင်းယူခဲ့သည်။
လီဗာပူးအတွက် ဒုတိယဂိုးကို မီလ်နာက ၇၁ မိနစ်တွင် ပင်နယ်တီမှသွင်းယူခဲ့ပြီး တတိယဂိုးကို ဖာမီနိုကပင် ၇၄ မိနစ်၌သွင်းယူခဲ့သည်။ အပိတ်ဂိုးကိုမူ အာနိုးက ၇၈ မိနစ်တွင်သွင်းယူခဲ့၍ လီဗာပူးအသင်း ဂိုးပြတ်နိုင်ခဲ့သည်။
နိုင်ပွဲဆက်ခဲ့သောလီဗာပူးသည် ယင်းတို့၏လိဂ်သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘောက်ဆင်ဒေး ငါးပွဲဆက်တိုက်အနိုင်ရကာ ယင်းငါးပွဲတွင် ၁၅ ဂိုးသွင်းယူပြီး ပေးဂိုးမရှိခဲ့ကြောင်း သိရသည်။
လီဗာပူးသည် ပရီး မီးယားလိဂ်ပွဲစဉ် ၁၈ ပွဲကစားပြီးချိန်၌ ၁၇ ပွဲနိုင်၊ တစ်ပွဲ သရေ၊ သွင်းဂိုး ၄၆ ဂိုး၊ ပေးဂိုး ၁၄ ဂိုး၊ ရမှတ် ၅၂ မှတ်ဖြင့် တစ်ပွဲပိုကစားထားသော လက်စတာကို ၁၃ မှတ်ဖြတ်၍ ထိပ်ဆုံးမှဦးဆောင်နေသည်။
ကလော့ပ်လက်ထက် လီဗာပူးမှာ ပြိုင်ပွဲစုံဂိုး ၅ဝဝ ပြည့်ရရှိခဲ့ပြီး ဖာမီနိုသွင်းယူသော ဒုတိယဂိုးမှာ ဂိုး ၅ဝဝ ပြည့်ဖြစ်ခဲ့ကြောင်း သိရသည်။ ဖာမီနိုသည် အသင်းအတွက် နောက်ဆုံးရှစ်ဂိုး သွင်းယူနိုင်ခဲ့ရာ အဝေးကွင်းပွဲများ၌ သွင်းယူခဲ့ခြင်းဖြစ်သည်။
ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သော ၂၁ နှစ်အရွယ် နောက်ခံလူအာနိုးမှာ ၂ဝ၁၈–၁၉ ဘောလုံး ရာသီစတင်ချိန်မှစ၍ ပရီးမီးယားလိဂ်၌ ဂိုးဖန်တီးမှုအများ ဆုံးကစားသမားဖြစ်နေပြီး အကြိမ် ၂ဝ ဂိုးဖန်တီးထားသည်။
ခြေစွမ်းပြကစားနိုင်ခဲ့သော အာနိုးက လက်စတာအား အနိုင်ရသည့်ပွဲတွင် အသင်း၏ခြေစွမ်းမှာ တစ်ရာသီလုံး၏အကောင်းဆုံးခြေစွမ်းဖြစ်ကြောင်း လက်စတာနှင့်ပွဲအပြီး ဖွင့်ဟခဲ့သည်။















