ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးသည် ဒီဇင် ဘာ ၂၇ ရက်က ဝုလ်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ကစားသမား တစ်ယောက်လျော့ဖြင့် ကစားခဲ့ရပြီး သုံးဂိုး နှစ်ဂိုးဖြင့် အရှုံးပေးခဲ့ရကြောင်း သိရသည်။
မန်စီးတီး တိုက်စစ်ကို အဂူရို ဦးဆောင်ခဲ့ပြီး အဓိကကစားသမားများ စုံလင်ခဲ့သည်။ ဝုလ်သည် ၃–၄–၃ ကစားကွက်ဖြင့် မန်စီးတီး ကို ရင်ဆိုင်ခဲ့သည်။ ပွဲအလှည့်အပြောင်းမှာ ၁၂ မိနစ်တွင် ဖြစ်ပေါ်ခဲ့ပြီး ဂျိုတာကို ဥပဒေပကစားခဲ့၍ မန်စီးတီးဂိုးသမား အီဒါဆန် အနီကတ်ပြ ထုတ်ပယ်ခံရခြင်းဖြစ်သည်။
မန် စီးတီးသည် ၂၅ မိနစ်တွင် စတာလင်း၏ ပင်နယ်တီဖြင့် ဦးဆောင်ခဲ့သည်။ စတာလင်းသည် မိနစ် ၅၀ တွင် မန်စီး တီးအတွက် ဒုတိယဂိုးသွင်းပေးခဲ့သည်။ ဝုလ်အတွက် အားသာချက်မှာ ကစားသမားတစ်ယောက် အသာရခဲ့ခြင်း ဖြစ်ပြီး နောက်မှလိုက်၍ သုံးဂိုး သွင်းယူနိုင်ခဲ့သည်။
ဝုလ် အတွက် ပထမ ချေပဂိုးကို ထရာအိုးရေးက ၅၅ မိနစ်၌ သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဂျီမီနက်ဇ်က ၈၂ မိနစ်တွင် သွင်းယူခဲ့သည်။ ဝုလ်သည် ပွဲပြီးလုချိန်တွင် အနိုင်ဂိုးရခဲ့၍ မန်စီးတီးမှာ ယခုနှစ် လိဂ်ငါးပွဲမြောက် ရှုံးခဲ့သည်။
မန်စီးတီးသည် လီဗာပူးထက် တစ်ပွဲပိုကစားကာ ၁၉ ပွဲ ကစားပြီးချိန်၌ ၃၈ မှတ်ဖြင့် ၁၄ မှတ်ကွာဟ၍ တတိယ နေရာတွင် ရပ်တည်နေသည်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာ က ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားလုပွဲ ပြီးဆုံးခြင်း ရှိ မရှိဆိုသည်ကို ပွဲအပြီး၌ ပြောကြားခဲ့သည်။
ဂွာဒီယိုလာက "လီဗာပူးရဲ့ အခွင့်အရေး သိပ်ကို ကြီးမားသွားပြီ။ လီဗာပူးအသင်းရဲ့အကြောင်းကို စဉ်းစားတာက ဒီအချိန်မှာ လက်တွေ့မကျဘူး။ ကျွန်တော် တို့အနေနဲ့ လက်စတာအကြောင်းကိုပဲ စဉ်းစားရမှာပါ။ ဒုတိယနေရာ ရဖို့ ကျွန်တော်တို့မှာ အခွင့်အရေးတွေ ရှိပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျွန်တော်သိထားတယ်။ ဒါပေမဲ့ အခြေအနေကတော့ မြင်တဲ့အတိုင်းပါပဲ"ဟု ပြောကြားခဲ့သည်။ တောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားက ယခု နှစ်ချန်ပီယံဆု ကာကွယ်နိုင်ရန်မှာ အခြေအနေ ရှုပ်ထွေး သွားပြီဖြစ်ကာ အလွန်ခက်ခဲသွားပြီဟု ဖွင့်ဟခဲ့သည်။















