မြောက်ကိုရီးယားခေါင်းဆောင်က အာဏာရပါတီခေါင်းဆောင်အစည်းအဝေး ဦးစီးပြုလုပ်

မြောက်ကိုရီးယားခေါင်းဆောင်က အာဏာရပါတီခေါင်းဆောင်အစည်းအဝေး ဦးစီးပြုလုပ်

မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ၏ထိပ်တန်းခေါင်းဆောင်များအစည်းအဝေးကို ခေါင်းဆောင်ကင်ဂျုံအွန်က ဦးစီးကျင်းပခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိ်ုင်မီဒီယာက ဒီဇင်ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်တွင် အစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ကင်သည် ပွင့်လင်းမြင်သာမှုရှိပြီး နယ်ချဲ့ဝါဒဆန့်ကျင်သည့် လွတ်လပ်သော ရပ်တည်ချက်ကို ကိုင်စွဲသွားရန် အချက်နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သည်။ နိုင်ငံတော်နှင့် အမျိုးသားကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထိပ်တန်းခေါင်းဆောင်များက ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကေစီအင်န်အေကဖော်ပြခဲ့သည်။

ကင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကြား ယခုနှစ်အတွင်း ဗီယက်နမ်တွင် ဆွေးနွေးခဲ့ပြီးချိန်မှစ၍ ကိုရီးယားကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ရေးဆိုင်ရာဆွေးနွေးမှုများ ရပ်ဆိုင်းခဲ့သည်။

ကင်သည် လွန်ခဲ့သောအပတ်တွင်လည်း ထိပ်တန်းစစ်တပ်အရာရှိများနှင့် တွေ့ဆုံပြီး စစ်ရေးစွမ်းရည်မြှင့်တန်ရန်အချက်ကို ဆွေးနွေးပြောဆိုခဲ့သည်။ ယခုလအတွင်း မြောက်ကိုရီးယားသည် ဆိုဟဲဂြိုဟ်တုလွှတ်တင်ရေးစခန်းတွင် စမ်းသပ်မှုအချို့ကို ပြုလုပ်ခဲ့သည်။ ယင်းမတိုင်မီတွင်လည်း မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည်အချို့ကို စမ်းသပ်ပစ်ခတ်ခဲ့သည်။

ယခုနှစ်မကုန်မီတွင် အမေရိကန်ဘက်မှ ပိတ်ဆို့မှုများဖြေလျှော့ပေးရေးနှင့်ပတ်သက်အလျှော့ပေးမှုများပြုလုပ်ရန်လိုအပ်ပြီး ယင်းသို့မဟုတ်ပါက အမေရိကန်သည် ဆိုးရွားသော ခရစ္စမတ်လက်ဆောင်ကိုရရှိမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပြီးဖြစ်သည်။ မြောက်ကိုရီးယားက ပေးမည့် အံ့သြဖွယ်လက်ဆောင်မည်သည့်အရာဖြစ်သည်ကို သိရှိအောင် ကြိုးစားပြီး ယင်းကိုတုံ့ပြန်မည်ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။

သမ္မတထရမ့်၏လုပ်ရပ်များသည် တွန့်ဆုတ်သည့် သဘောဆောင်နေပြီး အန္တရာယ်ပေးနိုင်သည့် မြောက်ကိုရီးယားက ထိရောက်စွာတုံ့ပြန်ရန်လိုအပ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘိုလ်တန်က ပြောဆိုခဲ့သည်။