သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ နှစ်သစ်ကူးနေ့အကြိုတွင် မီးရှုးမီးပန်းများပစ်ဖောက်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး ယင်းမီးရှုးမီးပန်းများပစ်ဖောက်ရန်အတွက် လျာထားသည့် ငွေကို တောမီးငြှိမ်းသတ်မှုအတွက် သုံးစွဲရန် တောင်းဆိုမှုများရှိခဲ့သော်လည်း မီးရှုးမီးပန်းပစ်ဖောက်မည့် အစီအစဉ်ကို မပျက်မကွက်ပြုလုပ်မည်ဖြစ်ကြောင်း အစိုးရအရာရှိများက ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ယခုနှစ်မီးရှုးမီးပန်းပစ်ဖောက်ရန်အတွက် ဆစ်ဒနီအုပ်ချုပ်ရေးအဖွဲ့သည် သြစတြေးလျဒေါ်လာ ၆ ဒသမ ၅ သန်း( အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) သုံးစွဲရန် လျာထားသည်။ ယင်းငွေများကို စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးဘေးကြောင့် ဆုံးရှုံးခဲ့သည့်လယ်သမားများအတွက် သုံးစွဲရန် Change.org တွင်တင်ထားသည့် တောင်းဆိုစာ၌ ဖော်ပြထားသည်။ ယင်းတောင်းဆိုစာကို လက်မှတ်ရေးထိုးသူ ၂၆၀ဝ၀ဝ ရှိနေပြီဖြစ်သည်။
ဆစ်ဒနီရှိ လေထုထဲတွင် မီးခိုးများစွာရှိနေပြီဖြစ်သောကြောင့် ဆစ်ဒနီဆိပ်ကမ်းမီးရှုးမီးပန်းပစ်ဖောက်မှုများကြောင့် လူများစွာထိခိုက်နစ်နာလိမ့်မည်ဖြစ်ကြောင်း တောင်းဆိုစာတွင်ဖော်ပြထားသည်။
သြစတြေးလျနိုင်ငံတစ်ဝန်း တောမီးလောင်ကျွမ်းမှုမှထွက်ရှိသည့် မီးခိုးများကြောင့် ဆစ်ဒနီနှင့် အခြားအဓိကမြို့များတွင် မီးခိုးမြူများရှိနေသည်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မီးလောင်ဒဏ်အများဆုံးခံခဲ့ရသည့် နယူးဆောက်ဝေးပြည်နယ်ရှိ မြို့များစွာသည် မီးလောင်ဒဏ်ကိုပြင်းပြင်းထန်ထန်ခံခဲ့ရပြီး မီးလောင်မှုအတွင်း လူရှစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
၂၀၁၉ ခုနှစ်သည် သြစတြေးလျအတွက် ရေဘေးနှင့် မီးဘေးအခံရဆုံးနှစ်ဖြစ်ကြောင်း တောင်းဆိုစာတွင်ဖော်ပြထားသည်။ တောမီးလောင်ကျွမ်းမှုအတွင်း မီးရှုးမီးပန်းများပစ်ဖောက်မည့် အစီအစဉ်ကို လူများစွာတို့က ကန့်ကွက်နေကြသော်လည်း မီးရှုးမီးပန်းပစ်ဖောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် မီးဘေးခံရသူများအတွက် အကျိုးရှိလာမည်ဟု မထင်ကြောင်း ဆစ်ဒနီမြို့အုပ်ချုပ်ရေးအဖွဲ့၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။
မီးရှုးမီးပန်းပစ်ဖောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါက ဆစ်ဒနီ၏စီးပွားရေးထိခိုက်သွားနိုင်ကြောင်း၊ ထို့ပြင် ဆစ်ဒနီမြို့ရှိ မီးရှုးမီးပန်းပစ်ဖောက်မှုကို ကြည့်ရှုရန်အတွက် လေယာဉ်လက်မှတ်ဝယ်ယူထားသည့် ပြည်တွင်းနှင့် ပြည်ပမှ လူများအတွက်လည်း စိတ်မကောင်းစရာဖြစ်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။

















