ဆီးရီးယားနှင့် မြန်မာတို့ရှိ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ရန်ပုံငွေအပါအဝင် လုပ်ငန်းလည်ပတ်မှုအတွက် အသုံးစရိတ် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၂၈ ရက်တွင် အတည်ပြုခဲ့သည်။
ကုလအတွက် ၂၀၁၉ ခုနှစ်အသုံးစရိတ်သည် ဒေါ်လာ ၂ ဒသမ ၉ ဘီလျံရှိခဲ့သည်။ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးက တာဝန်ယူထားသည့် လုပ်ငန်းဆောင်တာများတွက်အသုံးစရိတ်တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ယခုအတည်ပြုလိုက်သည့် အသုံးစရိတ်တွင် ယီမင်ရှိ ကုလစောင့်ကြည့်ရေးအဖွဲ့၊ ဟေတီ၌ နိုင်ငံရေးစောင့်ကြည့်မှုအဖွဲ့၊ ဆီးရီးယားရှိ စစ်ရာဇဝတ်မှုများနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ လူနည်းစုဝင်များအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို စုံစမ်းစစ်ဆေးရေးတို့အတွက် ကုန်ကျစရိတ်များပါဝင်သည်။
ဆီးရီးယားနှင့် မြန်မာရှိ ပြစ်မှုများကိုစုံစမ်းစစ်ဆေးရန်အသုံးစရိတ်များကို ယခင်က စေတနာအလျောက်ထည့်ဝင်ခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ်အတွက် အသုံးစရိတ်ကိုမူ အဖွဲ့ဝင် ၁၉၃ နိုင်ငံလုံးက မထည့်ဝင်မနေရထည့်ဝင်ကြရမည်ဖြစ်သည်။
အသုံးစရိတ်ဆိုင်ရာကော်မတီအစည်းအဝေးများနှင့် အထွေထွေညီလာခံအစည်းအဝေးများတွင် ဆွေးနွေးမှုများအတွင်း ရုရှားသည် ပြင်ဆင်ဖြည့်စွက်ချက်များစွာကို အဆိုပြုခဲ့သည်။ မဲပေးမှုတိုင်းတွင် ရုရှား၊ ဆီးရီးယား၊ မြန်မာ၊ မြောက်ကိုရီးယား၊ နီကာရာဂွာနှင့် ဗင်နီဇွဲလားတို့ကိုထောက်ခံသူများက ပေးသည့် ကန့်ကွက်မဲထက်ကျော်လွန်ကာ မဲအများစုဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
မဲပေးမှုရလဒ်အပေါ် မူတည်ပြီး လာမည့်ထည့်ဝင်ငွေလျာထားချက်များကို သုံးသပ်မည်ဖြစ်ကာ ကုလသို့ နိုင်ငံများစွာက ထည့်ဝင်ရမည့်ပမာဏကို ပြည့်မီအောင် ထည့်ဝင်ခြင်းမပြုသဖြင့် လိုငွေပြနေမှု ပိုမိုများပြားလာနိုင်ကြောင်း ရုရှားက ခန့်မှန်းထားသည်။
ယခုအတည်ပြုလိုက်သည့် အသုံးစရိတ်တွင် စုံစမ်းစစ်ဆေးရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် တရားမဝင်ကြောင်း ရုရှားကပြောဆိုခဲ့သည်။ ထို့ပြင် စုံစမ်းစစ်ဆေးရေးဆိုင်ရာလုပ်ထုံးလုပ်ငန်းများကို ကုလလုံခြုံရေးကောင်စီက ခွင့်ပြုထားခြင်းမရှိကြောင်း ဆီးရီးယားက ပြောဆိုခဲ့သည်။
ကုလ၏လုပ်ငန်းလည်ပတ်မှုဆိုင်ရာအသုံးစရိတ်သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်များအတွက် နှစ်စဉ်လျာထားသည့် အသုံးစရိတ်နှင့်မသက်ဆိုင်ချေ။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ဒေါ်လာ ၆ ဘီလျံအသုံးပြုရန်အချက်ကို ဇွန်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။

















