၂၀၁၉ ခုနှစ်သည် အခြားနှစ်များနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ပြည်ထောင်စု၌ အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ရပ် အများဆုံးဖြစ်ပွားသည့်နှစ်အဖြစ် စံချိ်န်တင်ခဲ့ကြောင်း သုတေသနပညာရှင်များက တင်ပြသည့် စာရင်းများအရ သိရသည်။
၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂၁၁ ဦးသေဆုံးခဲ့ကြောင်း အေပီသတင်းဌာန၊ ယူအက်စ်အေတူဒေးသတင်းဌာနနှင့် အရှေ့မြောက်ပိုင်းတက္ကသိုလ်တို့၏လေ့လာမှုများအရသိရသည်။
ဖြစ်ရပ်တစ်ခုတည်းတွင် ကျူးလွန်သူမပါဘဲ သေဆုံးသူ လေးဦးနှင့် လေးဦးထက် ပိုမိုပါက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားသည်။ ၂၀၁၉ ခုနှစ်အတွင်း လူသေဆုံးမှုအများဆုံးဖြစ်ရပ်များမှာ ဗားဂျီးနီးယားကမ်းခြေ၌ မေတွင် လူ ၁၂ ဦးသေဆုံးစေခဲ့သည့် ဖြစ်ရပ်နှင့် အီလ်ပါဆို၌ သြဂုတ်တွင် လူ ၂၂ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ်တို့ဖြစ်ကြသည်။
ဖြစ်ရပ် ၄၁ ခုအနက် ၃၃ ခုတွင် သေနတ်ပစ်ခတ်မှုပါဝင်ခဲ့ကြောင်း သုတေသနပညာရှင်များကပြောဆိုခဲ့သည်။ ပြည်နယ်အလိုက်နှိုင်းယှဉ်လျှင် ကယ်လီဖိုးနီးယားသည် အစုလိုက်အပြုံလိုက်လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် ပြည်နယ်ဖြစ်ပြီး ရှစ်ခုဖြစ်ပွားခဲ့သည်။
၂၀ဝ၆ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၌ အစုလိုက်အပြုံလိုက်သေဆုံးစေသည့် စာရင်းကိုကောက်ယူစုဆောင်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်သည် အစုလိုက်အပြုံလိုက်လူသေဆုံးမှုဖြစ်ရပ် အဖြစ်အများဆုံးဖြစ်သော်လည်း လူသေဆုံးမှုနှုန်းနှိုင်းယှဉ်ပါက ၂၁၁ ဦးသာသေဆုံးခဲ့သဖြင့် ၂၀၁၇ ခုနှစ်အတွင်း သေဆုံးခဲ့သူ ၂၂၄ ဦးနှင့်နှိုင်းယှဉ်လျှင် နည်းပါးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် လာ့စ်ဗီးဂတ်စ်၌ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ ၅၉ ဦးသေဆုံးခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် မိသားစုဝင်များကြား အငြင်းပွားမှု၊ မူးယစ်ဆေးဝါးမှု၊ လူဆိုးဂိုဏ်းများကြား ပစ်ခတ်မှုများကြောင့် လူများ အဓိကသေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေတန်၊ အိုဟိုင်းယိုးနှင့် အီလ်ပါဆိုတို့၌ ပစ်ခတ်မှုများဖြစ်ပွာခဲ့ပြီးနောက် သြဂုတ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သေနတ်ဝယ်ယူမည့်သူများ၏နောက်ကြောင်းရာဇဝင်ကို ပိုမိုအလေးထားစစ်ဆေးရေးနှင့်ပတ်သက်၍ ကွန်ဂရက်စ်ခေါင်းဆောင်များ ဆွေးနွေးရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















