ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူး၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဗုံးများအပြည့်တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စင်း စစ်ဆေးရေးစခန်းတစ်ခုနားတွင် ပေါက်ကွဲခဲ့မှုကြောင့် လူ ၉၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဆိုမာလီယာအစိုးရအရာရှိများကပြောဆိုခဲ့သည်။
သေဆုံးသူများတွင် ကျောင်းသားများစွာနှင့် တူရကီနိုင်ငံသားနှစ်ဦးတို့ပါဝင်ကြောင်း ဆိုမာလီယာနိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက်သည် ဆိုမာလီယာ၌ အလုပ်တက်ရသည့်နေ့ဖြစ်ပြီး နံနက်ပိုင်း ရုံးတက်ချိန်တစ်ဝိုက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူဦးရေသည် ၉၀ ခန့်ရှိပြီး တက္ကသိုလ်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦးလည်း သေဆုံးသူများတွင် ပါဝင်ခဲ့ကြောင်း အမည်မဖော်လိုသည့် နိုင်ငံတကာပရဟိတအဖွဲ့တစ်ဖွဲ့ကပြောဆိုခဲ့သည်။
တိုက်ခိုက်မှုအတွက် မည်သည့်အကြမ်းဖက်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခြင်းမရှိသေးသော်လည်း မြို့တော်ဝန်ကမူ အယ်လ်ခိုင်ဒါနှင့်ပတ်သက်မှုရှိသည့် အယ်လ်ရှာဘတ်သူပုန်များဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ အယ်လ်ရှာဘတ်သူပုန်အဖွဲ့သည် ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂတပ်ဖွဲ့များ ကျောထောက်နောက်ခံရထားသည့် အစိုးရအားနည်းသွားစေရန်ရည်ရွယ်ချက်ဖြင့် အလားတူတိုက်ခိုက်မှုများကို မကြာခဏပြုလုပ်ခဲ့သည်။
၂၀၁၇ ခုနှစ် အောက်တိုဘာတွင် မိုဂါဒစ်ရှူး၌ လောင်စာတင်ယာဉ်တစ်စီးနားတွင် ဗုံးများတင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးပေါက်ကွဲမှုကြောင့် လူ ၆၀ဝ နီးပါးသေဆုံးခဲ့သည်။အမေရိကန်အထူးတပ်ဖွဲ့ဝင်များက ဆိုမာလီယာအထူးတပ်ဖွဲ့ဝင်များအား လေ့ကျင့်မှုများပြုလုပ်ပေးနေသည့် စစ်စခန်းတွင်း၌ စက်တင်ဘာတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စစ်ဆေးရေးစခန်းနား၌ တူရကီအင်ဂျင်နီယာတစ်စုရှိနေခဲ့ကြောင်း မျက်မြင်သက်သေများကပြောဆိုခဲ့သည်။ ဒဏ်ရာရရှိသူ ၁၀ဝ ကျော်ကို ကုသမှုများပြုလုပ်ပေးနေရကြောင်း မြို့ရှိ မဲဒီနာဆေးရုံမှ သူနာပြုတစ်ဦးကပြောဆိုခဲ့သည်။
ဘာနာဒီရ်တက္ကသိုလ်မှ ကျောင်းသားများစွာသည်လည်း သေဆုံးသူများတွင်ပါဝင်ခဲ့ကြောင်း မိုဂါဒစ်ရှုူးမြို့တော်ဝန် အိုမာ မိုဟာမက်ကပြောဆိုခဲ့သည်။

















