နယူးယောက်မြို့ မြောက်ပိုင်း၌ ဟာနူကာပွဲကျင်းပစဉ် ဓားဖြင့် ထိုးမှုကြောင့် လူငါးဦးဒဏ်ရာရ

နယူးယောက်မြို့ မြောက်ပိုင်း၌ ဟာနူကာပွဲကျင်းပစဉ် ဓားဖြင့် ထိုးမှုကြောင့် လူငါးဦးဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြောက်ပိုင်း၌ ဒီဇင်ဘာ ၂၈ ရက်အနှောင်းပိုင်းတွင် ဂျူးဘာသာရေးဆရာတစ်ဦး၏နေအိမ်၌ ဟာနူကာပွဲကျင်းပနေစဉ် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုး တိုက်ခိုက်မှုကြောင့် လူငါးဦးဒဏ်ရာရရှိခဲ့ကြောင်း နယူးယောက်ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

တိုက်ခိုက်သူသည် ဓားဖြင့် ထိုးပြီးနောက် မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ မွန်ဆေမြို့၌ ဒေသဆိုင်ရာစံတော်ချိန် ည ၁၀ နာရီဝန်းကျင်ခန့်တွင် ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

နယူးယောက်စီးတီးရဲတပ်ဖွဲ့သည် တိုက်ခိုက်သူ၏မော်တော်ယာဉ်ကို ခြေရာခံမိပြီး ဖမ်းမိနိုင်ရေးအတွက် ကြိုးပမ်းနေပြီဖြစ်ကြောင်း ရာမာပိုဒေသရဲတပ်ဖွဲ့စခန်း၏ရဲမှူး ဘရတ် ဗိုင်ဒယ်ကပြောဆိုခဲ့သည်။ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမိုနှင့် ရှေ့နေချုပ် လဲတီလျှာ ဂျိမ်းစ်တို့က တိုက်ခိုက်မှုကို ရှုတ်ချပြောဆိုခဲ့သည်။ ယခုတိုက်ခိုက်မှုသည် လူကြောက်တို့၏လုပ်ရပ်ဖြစ်ပြီး ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် လူမျိုးရေးအခြေခံမုန်းတီးမှုဖြင့် တိုက်ခိုက်မှုများကို နှိမ်နင်းရမည်ဖြစ်ကြောင်း ကူမိုကပြောဆိုခဲ့သည်။

ဂျူးမုန်းတီးရေးစိတ်ဓာတ်နှင့် တစ်ယူသန်မှုများသည် အမေရိကန်တန်ဖိုးနှုန်းစံနှင့်ဆန့်ကျင်နေသောကြောင့် ယင်းစိတ်ဓာတ်များကို လက်မခံကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်သည် ဟာနူကာပွဲတော် ခုနစ်ရက်မြောက်နေ့ဖြစ်သည်။ လူငါးဦးကို ဆေးရုံတွင် ကုသပေးနေကြောင်း ရဲမှူး ဗိုင်တယ်က ပြောဆိုခဲ့သည်။

လွန်ခဲ့သောလတွင်လည်း မွန်ဆေ၌ ဂျူးဘုရားကျောင်းသို့လာရောက်သည့် အမျိုးသားတစ်ဦး လမ်းတွင် ဓားဖြင့် အထိုးခံခဲ့ရပြီးဖြစ်သည်။ ယင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည်ကို ဖမ်းမိသည် မမိသည်အား ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမပြုသေးချေ။