အိန္ဒိယ၌ နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကို ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ခရီးသွားလုပ်ငန်းထိခိုက်

အိန္ဒိယ၌ နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကို ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ခရီးသွားလုပ်ငန်းထိခိုက်

အိန္ဒိယနိုင်ငံ၌ ဒီဇင်ဘာလအတွင်း နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကို ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ခရီးသွားလုပ်ငန်းများစွာ ထိခိုက်ခဲ့ရသည်။

ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများကြောင့် လူ ၂၅ ဦးခန့်သေဆုံးခဲ့သည်။ လွန်ခဲ့သောနှစ်ပတ်အတွင်း ပြည်တွင်းနှင့် နိုင်ငံခြားခရီးသွား ၂၀ဝ၀ဝ၀ ခန့်သည် တက်ဂျ်မဟာသို့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း အစိုးရအရာရှိများက ခန့်မှန်းထားသည်။

ယခုနှစ် ဒီဇင်ဘာအတွင်း ခရီးသွားလာရောက်မှု ၆၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တက်ဂျ်မဟာနား၌ နိုင်ငံခြားသားခရီးသွားများကို ကူညီရန် ဖွင့်လှစ်ထားသည့် ရဲတပ်ဖွဲ့စခန်းမှ ရဲမှူး ဒီနစ် ကူးမားကပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝန်း လှည့်လည်သွားလာနေသည့် ဥရောပခရီးသွားတစ်စုက အိန္ဒိယနိုင်ငံ၌ နေထိုင်မည့် ရက်ကို လျှော့ချပြီး ရက် ၂၀ သာနေထိုင်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့သည်။

အာဂရာမြို့၌ တည်ရှိသည့် တက်ဂျ်မဟာအဆောက်အအုံသို့ နှစ်တိုင်း ခရီးသွား ၆ ဒသမ ၅ သန်းခန့်လာရောက်ကြည့်ရှုလေ့ရှိကာ အစိုးရသည် ဝင်ကြေးအဖြစ် နှစ်စဉ် ဒေါ်လာ ၁၄ သန်းရရှိခဲ့သည်။ နိုင်ငံခြားသားခရီးသွားများသည် တက်ဂျ်မဟာသို့ဝင်ကြေးအဖြစ် ရူပီး ၁၁၀ဝ( ၁၅ ဒေါ်လာခန့်) ကိုပေးနေရသည်။

ဒီဇင်ဘာကဲ့သို့ ခရီးသွားလာရောက်မှုအများဆုံးကာလတွင် နောက်ဆုံးအချိန်မှကပ်ကာ ခရီးစဉ်ဖျက်သိမ်းမှုများရှိနေကြောင်း တက်ဂျ်မဟာနားရှိ ဇိမ်ခံဟိုတယ်များနှင့် တည်းခိုခန်းပိုင်ရှင်များကပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ၌ အကြမ်းဖက်မှုပါသည့် ဆန္ဒပြမှုများဖြစ်ပွားနေသဖြင့် နိ်ုင်ငံသားများအနေဖြင့် မသွားမနေရအခြေအနေမှလွဲ၍ အိန္ဒိယသို့သွားရောက်ခြင်းမပြုရန်နှင့် သွားရောက်ခဲ့ပါကလည်း သတိဝီရိယထားသွားလာရန် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ရုရှား၊ အစ္စရေး၊ စင်ကာပူ၊ ကနေဒါနှင့် ထိုင်ဝမ်တို့က သတိပေးချက်ထုတ်ပြန်ထားသည်။