နှစ်သစ်ကူးမတော်တဆမှုများကြောင့် ရောက်လာမည့် လူနာများအတွက် မန္တလေးဆေးရုံကြီးတွင် ပြင်ဆင်ထား

နှစ်သစ်ကူးမတော်တဆမှုများကြောင့် ရောက်လာမည့် လူနာများအတွက် မန္တလေးဆေးရုံကြီးတွင် ပြင်ဆင်ထား

မန္တလေးမြို့တွင် နှစ်သစ်ကူးည အပျော်လွန်ကျူးရာမှ ဖြစ်ပွားသော ထိခိုက်ဒဏ်ရာရမှုများနှင့် ယာဉ်မတော် တဆမှုများကြောင့် ရောက်ရှိလာမည့် လူနာများအား အချိန်မီအသက်ကယ် တင်နိုင်ရေးနှင့် ကုသမှုများကိုနိုင်နင်းစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြို တင်ပြင်ဆင်မှုများကို စတင်လုပ်ဆောင် လျက်ရှိကြောင်း မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှ သိရသည်။

''နှစ်သစ်ကူးညမှာ ပုံမှန်ရက်တွေ ထက်စာရင် အရေးပေါ်ပြင်ပလူနာ လက်ခံဆောင် (ERC)ကို လူနာ အရေအတွက် ပိုမိုရောက်ရှိလာတတ် တဲ့အတွက် အဲဒီညမရောက်ခင်တစ်ပတ် အလိုလောက်ကတည်းက ကြိုတင်ပြီး တော့ ဝန်ထမ်းအလုံအလောက်နဲ့ ကုသရေးအဖွဲ့ကို သီးသန့်ဖြန့်ထားရသလို ကုသရေးမှာလိုအပ်တဲ့ ဆေးပစ္စည်းတွေနဲ့ ကိရိယာတွေကို တိုးချဲ့ ပြင်ဆင်ထားရပါတယ်။ အထူးသဖြင့်တော့ အရက်သေစာသောက်စားမှု လွန်ကဲပြီး ခိုက်ရန်ဖြစ်ပွားရာကနေ ဒဏ်ရာရရှိလာတဲ့ သူတွေနဲ့ယာဉ်တိုက်မှု လူနာတွေက အများဆုံးဖြစ်ပြီး လိုအပ် ရင် အတွင်းလူနာအဖြစ် အရေးပေါ်ကုသပေးရပါတယ်။ ဒီလိုမျိုးဌာန ဘက်ကနေ ကြိုတင်ပြင်ဆင်မှုတွေလုပ် ထားတာတောင်မှ ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးရတဲ့လူငယ်တွေလည်း နှစ်တိုင်းလိုလိုရှိတတ်ပါတယ်။ မန္တလေးမြို့ပေါ်က လူမှုကူညီရေးအသင်းတွေကပါ နှစ်သစ်ကူးညဆိုရင်ဒီမှာလာ ရောက်ကူညီပေးကြသလို ဒဏ်ရာရတဲ့ သူတွေကိုလည်း အချိန်မီသွားရောက် ခေါ်ဆောင်လာပေးကြပါတယ်'' ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ  တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမင်းလွင် က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောကြားသည်။ 

မန္တလေးမြို့တွင်ပြီးခဲ့သည့် နှစ်သစ်ကူးည (၂ဝ၁၈ခုနှစ် ဒီဇင်ဘာ ၃၁ရက် ည ၈ နာရီမှ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီအထိ) မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိသူ ၈၁ ဦး ရောက်ရှိ လာခဲ့ရာ ပြင်ပလူနာဌာနသို့ ထိခိုက် ဒဏ်ရာဖြင့် အမျိုးသား ၅၃ ဦး၊ အမျိုး သမီး ခုနစ်ဦးနှင့် အတွင်းလူနာအဖြစ် ဆေးရုံတက်ရသူ အမျိုးသား ၁၉ ဦး၊ အမျိုးသမီးနှစ်ဦးရှိခဲ့ကာ၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်သို့ ကူးပြောင်းသည့် နှစ် သစ်ကူးညတွင်လည်း လူနာအရေ အတွက်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူလေးဦးနှင့် ဒဏ်ရာရ၍ ဆေးရုံတင်ကုသရသူ ၆၁ ဦးရှိခဲ့ ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။ 

မန္တလေးမြို့ အခြေစိုက်မနော ကြာဖြူသွေးလှူရှင်နှင့် ပရဟိတအသင်း အတွင်းရေးမှူး ကိုစိုးက ''နှစ်သစ်ကူး ညမှာ လူစည်ကားတဲ့နေရာတွေနဲ့ ယာဉ်တိုက်မှုအဖြစ်များတဲ့ နေရာတွေ မှာ ကားတွေနဲ့ စောင့်ကြည့်သွားမှာ ဖြစ်ပြီး မြို့တွင်းမှာလည်း လှည့်လည် နေမှာပါ။ ဒဏ်ရာရရှိတဲ့ လူနာတွေ ကို ဆေးရုံကြီးဆီ အချိန်မီပို့ဆောင် နိုင်ရေးအတွက် တခြားအသင်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ် သလို အရေးပေါ်သွေး လိုအပ်တာမျိုး ရှိရင် အသင်းသားတွေကနေ လှူဒါန်း ပေး သွားမှာပါ။ လူငယ်တွေကို အဓိက ပြောချင်တာကတော့ ကိုယ့်ရဲ့ အပျော်ကြောင့် တခြားသူတွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူမျိုးတွေကို မပြုလုပ် စေချင်ပါဘူး။ အားလုံးစိတ်ချမ်းသာစွာနဲ့ နှစ်သစ်ကူးညကို ဖြတ်သန်းစေချင်ပါတယ်''ဟု ပြောသည်။

မန္တလေးမြို့ရှိ လူငယ်များမှာ နှစ် သစ်ကူးညတွင် ကျုံးတောင်ဘက် လမ်း တစ်လျှောက် စုဝေး၍ ည ၁၂နာရီ တိတိ ရောက်ချိန်၌ Happy New Year ဟု သံပြိုင်အော်ဟစ်ကာ နှစ် သစ်ကို ကြိုဆိုလေ့ရှိကြပြီး ကန်တော် ကြီး၊ မန္တလေးတောင်၊ ဦးပိန်တံတား၊ ဧရာဝတီတံတား၊ အင်းဝတံတားတို့ တွင်လည်း နှစ်သစ်ကြိုဆိုသူများဖြင့် အထူးစည်ကားကြောင်း သိရသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး