မန်ယူသည် ဒီဇင်ဘာ ၂၈ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် ဘန်လေကွင်းတွင် သွားရောက်ကစား ခဲ့ရာ နှစ်ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်ကို နိုင်ပွဲဖြင့် နှုတ်ဆက် နိုင်ခဲ့သည်။
မန်ယူ ပွဲထွက်လူစာရင်း တွင် မာရှယ်၊ ရက်ဖို့ဒ်၊ ပါရီယာ၊ ဒန်နီ ဂျိမ်းစ်၊ မာတစ်နှင့် ဖရက်ဒ်တို့ ပါဝင် ခဲ့သည်။ မန်ယူသည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့်ကစား နိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၄ ကြိမ်ပြုလုပ်ခဲ့ရာ ငါးကြိမ်ဂိုးပေါက် တည့်ခဲ့သည်။ မန်ယူသည် နိုင်လိုစိတ် အပြည့်ဖြင့် ကစားခဲ့ခြင်းဖြစ်ပြီး မာရှယ် က ပွဲချိန် ၄၄ မိနစ်တွင် ပါရီယာ၏ ဘောလုံးပေးပို့မှုတစ်ဆင့် အနီးကပ် သွင်းယူခဲ့၍ ဦးဆောင်နိုင်ခဲ့သည်။
မန်ယူသည် ဒုတိယပိုင်း၌လည်း ကစားပုံကောင်းခဲ့ပြီး ဘန်လေအား ဖိအားပေးနိုင်ခဲ့သည်။ မန်ယူအတွက် ဒုတိယဂိုးကို ရက်ဖို့ဒ်က ပွဲပြီးလုချိန်တွင် သွင်းယူခဲ့ခြင်းဖြစ်ပြီး ဘန်လေဂိုး သမားကိုပါ လိမ်ခေါက်၍ ကြုံသလို အနေအထားဖြင့် ဂိုးသွင်းပေးခဲ့သည်။ မန်ယူသည် နိုင်ပွဲကြောင့် ပွဲစဉ် ၂၀ အပြီး ရှစ်ပွဲနိုင်၊ ခုနစ်ပွဲသရေ၊ ငါးပွဲရှုံး၊ ၃၁ မှတ်ရရှိထားပြီး အဆင့်လေးအ တွင်းဝင်ရန် နီးစပ်မှုရှိလာသည်။
မန်ယူနည်းပြ ဆိုးလ်ရှားက တိုက် စစ်မှူး ရက်ဖို့ဒ်မှာ ယခုရာသီတွင် ခေါင်းဆောင်တစ်ဦးကဲ့သို့ ကစားနေ ကြောင်း ချီးကျူးခဲ့သည်။
ဆိုးလ်ရှားက"ရက်ဖို့ဒ်ဟာ ပို ကောင်းလာဦးမှာပါ။ သူ့အသက် အခု မှ ၂၂ နှစ်ပဲရှိပါသေးတယ်။ သူ့အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီတွေ စောင့်ဆိုင်းနေပါတယ်။ ဒီရာသီမှာတော့ သူဟာ ခေါင်းဆောင်တစ်ဦးလို ကစား နေပါတယ်။ သူ့ရဲ့ ရင့်ကျက်မှုကိုလည်း အမှန်တကယ် ပြသနေပါတယ်"ဟု ချီးကျူးခဲ့သည်။ ရက်ဖို့ဒ်သည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ခြောက်ပွဲတွင် ငါးဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၆ ဂိုးရထားသည်။
၎င်းသည် ယခုနှစ်၌ ပရီးမီးယား လိဂ် ပွဲ ၂၀ ကစားခဲ့ရာ ၁၂ ဂိုးသွင်း ယူပြီး လေးကြိမ်ဂိုးဖန်တီးထားသည်။ ရက်ဖို့ဒ်သည် ယမန်နှစ် ပရီးမီးယား လိဂ်တွင် ၁၀ ဂိုး သွင်းယူကာ ဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။ ရက်ဖို့ဒ် သည် တွဲဖက်တိုက်စစ်မှူး မာရှယ်နှင့် အတွဲညီကာ ကစားနေသည်။















