ဖိလစ်ပိုင်နိုင်ငံသို့ ခရစ္စမတ်နေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်း မုန်တိုင်း ဖန်ဖုန်းကြောင့် သေဆုံးသူဦးရေသည် ၄၁ ဦးရှိသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရအရာရှိများက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောဆိုခဲ့သည်။
နိုင်ငံအလယ်ပိုင်း ဗီဆာယာစ်ရှိ ကျွန်းစုအများစုတွင် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် မုန်တိုင်းသည် ဒီဇင်ဘာ ၂၈ ရက်တွင် ဖိလစ်ပိုင်မှ ထွက်ခွာသွားခဲ့သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် သေဆုံးသူ ၂၈ ဦးရှိခဲ့ရာမှာ ဒီဇင်ဘာ ၂၉ ရက်တွင် ၄၁ ဦးအထိ တက်လာခဲ့ခြင်း ဖြစ်သည်။
နောက်ထပ်သေဆုံးသူမရှိရန် မျှော်လင့်နေကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးဌာန၏ ပြောခွင့်ရှိသူ မာ့ခ်တင်ဘယ်က ပြောဆိုခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသူ ၁၂ ဦးကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
မုန်တိုင်းကြောင့် လူ ၁ ဒသမ ၆ သန်းခန့် ထိခိုက်နစ်နာခဲ့ရပြီး နေအိမ် ၂၆၀ဝ၀ဝ ကျော် ထိခိုက်ပျက်စီးခဲ့ကာ လူထောင်ပေါင်းများစွာသည် ခိုလှုံရေးစခန်းများသို့ သွားရောက်ခဲ့ရသည်။ ကက်သလစ်ဘာသာဝင် အများစုနေထိုင်သော ဖိလစ်ပိုင်၌ မုန်တိုင်းဒဏ်ခံပြည်သူများသည် ခရစ္စမတ်ပွဲတော်ကို ခိုလှုံရေးစခန်းများတွင် ကျင်းပခဲ့ရသည်။ လက်ရှိအခြေအနေများအရ ၎င်းတို့သည် နှစ်သစ်ကူးကာလအထိ ခိုလှုံရေးစခန်းများတွင် ဆက်လက်နေထိုင်ရဦးမည်ဖြစ်သည်။
မုန်တိုင်းကြောင့် စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံထိခိုက်ပျက်စီးမှုပမာဏသည် ဒေါ်လာ ၂၁ သန်းတန်ဖိုးရှိခဲ့ကြောင်း အစိုးရက ခန့်မှန်းထားသည်။ ဖန်ဖုန်းသည် လေတိုက်နှုန်း တစ်နာရီ ၂၀ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ခဲ့သောကြောင့် လျှပ်စစ်ဓာတ်အားပေးတိုင်များပြိုလဲခဲ့ရာ နေရာအတော်များများတွင် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဆက်သွယ်ရေးစနစ်တို့ ပြတ်တောက်နေဆဲဖြစ်သည်။
ဒေသတွင်းတွင် အာဆူလာဟု ခေါ်ဆိုသည့် တိုင်ဖွန်းမုန်တိုင်း ဖန်ဖုန်းသည် ဖိလစ်ပိုင်သို့ ယခုနှစ်အတွင်း ၂၁ ခုမြောက်ဝင်ရောက်သည့် မုန်တိုင်းဖြစ်သည်။

















