ပထမဆုံး ပရီးမီးယားလိဂ် ဂိုးသွင်းနိုင်၍ အီရန်တိုက်စစ်မှူး မျက်ရည်ကျ

ပထမဆုံး ပရီးမီးယားလိဂ် ဂိုးသွင်းနိုင်၍ အီရန်တိုက်စစ်မှူး မျက်ရည်ကျ

ဒီဇင်ဘာ ၂၈ ရက်က ပရီးမီးယား လိဂ် ပွဲစဉ် ၂၀ ကစားခဲ့ကြရာ အစော ပိုင်းပွဲတွင် ဘရိုက်တန်အသင်းက ဘုန်းမောက်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ရခဲ့ကြောင်း သိရသည်။

ဘရိုက်တန် နည်းပြ ပေါ်တာသည် ဘောက်ဆင် ဒေး၌ စပါးအား ရှုံးနိမ့်ခဲ့သည့်ပွဲမှ ပွဲထွက် လူစာရင်းကို ခုနစ်နေရာ အပြောင်းအလဲပြုလုပ်ကာ ဘုန်းမောက် ကို ရင်ဆိုင်ခဲ့သည်။ နည်းပြ ပေါ်တာ သည် ၂၆ နှစ်အရွယ် အီရန်တိုက်စစ် မှူး ဂျာဟန်းဘက်ခ်ရှ်ကို ပထမဆုံး ပွဲ ထွက်ခွင့်ပေးခဲ့ရာ ဂျာဟမ်ဘက်ရှ်က ပွဲချိန် သုံးမိနစ်၌ ဂိုးသွင်းနိုင်ခဲ့သည်။ ဘရိုက်တန်အတွက် ဒုတိယဂိုးကို အာ ရွန်မွိုင်းက ပွဲချိန် ၇၉ မိနစ်တွင် သွင်း ယူခဲ့၍ နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။

အီရန်တိုက်စစ်မှူး ဂျာဟန်းဘက်ခ်ရှ် သည် ၂၀၁၈ ခုနှစ်က အယ်လ်ခမာမှ ဘရိုက်တန်သို့ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ၎င်းသည် အယ်လ်ခမာ၌ ကစားခဲ့စဉ် ၂၁ ဂိုးဖြင့် ရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့သည်။ ဂျာဟန်းဘက်ခ်ရှ်သည် ယမန်နှစ်က ဘရိုက်တန်အတွက် ၂၅ ပွဲ ကစားခဲ့ရာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိသည့် အပြင် ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင် ခဲ့ပေ။

ဂျာဟန်းဘက်ခ်ရှ်သည် ပွဲအစ၌ ကွင်းလယ်လူ မာပေး အလိုက်သင့် ဘောလုံးပေးသည်ကို ပင်နယ်တီဂိုး ဧရိယာ ဘယ်ဘက်ထိပ်မှ အပြင်း ကန်သွင်းခဲ့သည်။ ဂိုးသွင်းပြီးနောက် ဂျာဟန်းဘက်ခ်ရှ်သည် စိတ်ခံစားမှုကို မထိန်းနိုင်ဘဲ မျက်ရည်များကျခဲ့သည်။

၎င်းသည် ကွင်းထဲ၌ ထိုင်ချလိုက်ပြီး အပျော်လွန်ကာ ဝမ်းနည်းနေခဲ့သည်။ ကစားဖော်များက ဂျာဟန်းဘက်ခ်ရှ်ကို အားပေး၍ အတူတကွ အောင်ပွဲခံခဲ့ ကြသည်။ ယမန်နှစ်ရာသီက ခြေစွမ်း မပြနိုင်ခဲ့ခြင်းမှာ ၎င်းနှင့် မိသားစု အတွက် အလွန်ခက်ခဲသည့် အချိန် ဖြစ်ခဲ့ကြောင်း ဂျာဟန်းဘက်ခ်ရှ်က ဘုန်းမောက်နှင့် ပွဲအပြီး၌ ရင်ဖွင့်ပြော ကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး