နိုင်ငံ့လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် ဘက်စုံပြင်ဆင်ထားရေး စစ်တပ်နှင့် သံတမန်များကို ကင်ဂျုံအွန် နှိုးဆော်

နိုင်ငံ့လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် ဘက်စုံပြင်ဆင်ထားရေး စစ်တပ်နှင့် သံတမန်များကို ကင်ဂျုံအွန် နှိုးဆော်

နိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် အသင့်ပြင်ဆင်ထားကြရေး စစ်တပ်နှင့် သံတမန်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နှိုးဆော်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
 

နျူကလီးယားဆွေးနွေးပွဲများ ပြန်စရန် ကမ်းလှမ်းချက်အသစ်များ နှစ်ကုန်မတိုင်မီ ပေးပို့ရန် မြောက်ကိုရီးယားက နောက်ဆုံးရက် သတ်မှတ်ထားသည့်တိုင် အမေရိကန်ဘက်က တုံ့ပြန်ခြင်းမရှိသဖြင့် ကင်ဂျုံအွန်က အမေရိကန်သည် ကမ်းလှမ်းချက်သစ်များ အချိန်မီ မပေးပို့ပါက ခန့်မှန်းမရနိုင်သော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခြိမ်းခြောက်ထားသည်။ ကင်သည် အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ရပ်ဆိုင်းကာ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ဖြစ်သည့် နျူကလီးယားစမ်းသပ် ဖောက်ခွဲမှုများ၊ တာဝေးဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်လာနိုင်ကြောင်းလည်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ထားသည်။

မြောက်ကိုရီးယားသည် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ လုပ်သားပါတီ ညီလာခံကို ကျင်းပလျက်ရှိပြီး နိုင်ငံ၏ အကျပ်ဆိုက်နေသော စီးပွားကို ပြန်လည်မြှင့်တင်ရေးလည်း ခေါင်းဆောင် ကင်က အဓိကထား ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြသည်။ အမေရိကန်က ဆန်ရှင်များမရုပ်သိမ်းဘဲ မြောက်ကိုရီးယားကို ထပ်တိုးဖိအားပေးလာမည်ဆိုပါက အမေရိကန် မမျှော်မှန်းထားသည့် လမ်းကြောင်းမျိုးကို လျှောက်လှမ်းရလိမ့်မည်ဖြစ်ကြောင်း ကင်ဂျုံအွန်က သတိပေးထားသည်။ အမေရိကန်နှင့် နျူကလီးယားဆွေးနွေးရန် နောက်ဆုံးသတ်မှတ်ချက် ဒီဇင်ဘာ ၃၁ ရက်ကျော်လွန်သည့်တိုင် အမေရိကန်က တုံ့ပြန်ခြင်းမပြုပါက ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံသို့ ပြောကြားမည့် နှစ်သစ်မိန့်ခွန်း၌ ကင်ဂျုံအွန်က မူဝါဒရေးရာ အဓိက အပြောင်းအလဲများ ကြေညာကောင်း ကြေညာနိုင်ကြောင်းလည်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားသည်။

လုပ်သားပါတီ ညီလာခံတွင် ခေါင်းဆောင်ကင်က စိုက်ပျိုးရေးလုပ်ငန်းမြှင့်တင်ရန်၊ သိပ္ပံ၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေး စံနှုန်းများ မြှင့်တင်ရန်လည်း ညွှန်ကြားခဲ့ကြောင်း ကေစီအင်န်အေ သတင်းဌာနက ဖော်ပြသည်။