တရုတ်ကြောင့် ထိုင်ဝမ် ဒီမိုကရေစီ အန္တရာယ်ရှိနေသည်ဟု ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် သတိပေး

တရုတ်ကြောင့် ထိုင်ဝမ် ဒီမိုကရေစီ အန္တရာယ်ရှိနေသည်ဟု ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် သတိပေး

တရုတ်ကြောင့် ထိုင်ဝမ် ဒီမိုကရေစီစနစ်သည် ယိုယွင်းပျက်စီးရမည့် အန္တရာယ်ရှိနေကြောင်း ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ဒီဇင်ဘာ ၂၉ ရက်တွင် သတိပေး ပြောကြားလိုက်ပြီး အမေရိကန်နှင့် အခြားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မစ္စ ဆိုင်သည် အဓိကအတိုက်အခံ နေရှင်နယ်လစ်ပါတီမှ ဟန်ကိုယူနှင့် ပြည်သူ့ပထမပါတီမှ ဂျိမ်းစ် ဆောင်တို့နှင့် ရုပ်သံတိုက်ရိုက် စကားစစ်ထိုးပွဲ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်တွင် သမ္မတ ရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို ဇန်နဝါရီ ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး သဘောထားစစ်တမ်းများအရ မစ္စ ဆိုင်သည် ဒုတိယအကြိမ်မြောက် လေးနှစ်သမ္မတသက်တမ်းအတွက် ထပ်မံအနိုင်ရနိုင်ကြောင်း သိရသည်။ ထိုင်ဝမ် လွတ်လပ်ခွင့်များ၊ လူနေမှုပုံစံများကို ဆက်လက်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မစ္စ ဆိုင်က ကတိပြု မဲဆွယ်လျက်ရှိသည်။

တရုတ်သည် ဒေသတွင်းနှင့် နိုင်ငံတကာတွင်ပါ သြဇာချဲ့ထွင်လာနေသဖြင့် ထိုင်ဝမ်၏ ဒီမိုကရေစီ အနှစ်သာရများကိုပါ တိုက်စားလာမည့် အန္တရာယ်ရှိလာနေကြောင်း မစ္စ ဆိုင်က သတိပေးသည်။ ထိုင်ဝမ်အနေဖြင့်လည်း တရုတ်၏ သြဇာကို တန်ပြန်နိုင်ရန် ဒေသတွင်းနှင့် နိုင်ငံတကာတွင် သံတမန်ရေး၊ စီးပွားရေး ဆက်ဆံမှုများ ချဲ့ထွင်ရန် လိုအပ်ကြောင်း မစ္စ ဆိုင်က ဆိုသည်။

မစ္စ ဆိုင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးမှုပါတီသည် လွှတ်တော်အတွင်း လူများစုနေရာကို ရရှိထားပြီး တရုတ်ပြည်မကြီးနှင့် ပြင်ပနိုင်ငံများသို့ ရောက်ရှိနေသည့် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ထိုင်ဝမ်သို့ ပြန်ဝင်လာရေးအတွက် စီးပွားမူဝါဒပြုပြင်ပြောင်းလဲရေးများလည်း ဖော်ဆောင်လျက်ရှိသည်။

စကားစစ်ထိုးပွဲတွင် တရုတ်နှင့် နီးကပ်စွာ ဆက်ဆံရေးကို ထောက်ခံသည့် ဟန်ကိုယူက တရုတ်က စစ်အင်အားဖြင့် ထိုင်ဝမ်ကို သိမ်းပိုက်မည့် အန္တရာယ်ကို ကာကွယ်ရန်အတွက် တရုတ် အစိုးရနှင့် သင့်တင့်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ထိုင်ဝမ်စီးပွားသည်လည်း တရုတ်စီးပွားနှင့် များစွာ ချိတ်ဆက်လျက်ရှိကြောင်း ထောက်ပြပြောဆိုခဲ့သည်။