ထိုင်းအစိုးရအတိုက်အခံ သာနာသွန်း ဂျုံဂရွန်း ဂရူယံကစ်သည် ဝန်ကြီးချုပ်အဖြစ်သင့်ဆုံးလူဖြစ်ပြီး ၎င်း၏ ရှေ့သို့သာချီပါတီ( အက်ဖ်အက်ဖ်ပီ) သည် လက်ရှိအခြေအနေများအရ နိုင်ငံကို ဦးဆောင်ရန် အသင့်ဆုံးပါတီဖြစ်ကြောင်း ထိုင်းနိုင်ငံသားအများစုက ပြောဆိုခဲ့သည်ဟု အမျိုးသားဖွံ့ဖြိုးမှုအုပ်ချုပ်ရေး အင်စတီကျုကပြုလုပ်သော စစ်တမ်းတစ်ခုအရ သိရသည်။
ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်အတွင်း ပညာအရည်အချင်းနှင့် အလုပ်အကိုင်မျိုးစုံပါဝင်သည့် လူ ၂၅၁၁ ဦးတို့ကို နိုင်ငံရေးအမြင်နှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ မည်သူ ဝန်ကြီးချုပ်ဖြစ်သင့်သည်နှင့်ပတ်သက်၍ မေးမြန်းသည့်အခါ စစ်တမ်းဖြေဆိုသူ ၃၁ ဒသမ ၄၂ ရာခိုင်နှုန်းက သာနာသွန်းသာဖြစ်သင့်ပြီး မျိုးဆက်သစ်တစ်ဦးက နိုင်ငံကိုခေါင်းဆောင်သည်ကိုသာ မြင်လိုကြောင်း ဖြေဆိုခဲ့ကြသည်။
ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသာ ဝန်ကြီးချုပ်ဖြစ်သင့်ကြောင်း ပြောဆိုသူ ၂၃ ဒသမ ၇၄ ရာခိုင်နှုန်းရှိခဲ့ပြီး ၎င်းတို့က ပြတ်သားသည့် ခေါင်းဆောင်တစ်ဦးကသာ နိုင်ငံတွင်း ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ကြသည်။
ဖြူထိုင်းပါတီမှ ခွန်ယင်း ဆူဒါရတ် ကဲယုရာဖန်သာ ဝန်ကြီးချုပ်ဖြစ်သင့်ကြောင်း ပြောဆိုသူ ၁၁ ဒသမ ၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဆရီရူယမ် ထိုင်းပါတီခေါင်းဆောင် တော်ဝင်ရဲတပ်ဖွဲ့၏ အကြီးအကဲ ဆဲရီးပီဆုသ် တဲမီယာဝေဇသာ ဝန်ကြီးချုပ်ဖြစ်သင့်ကြောင်း ၃ ဒသမ ၉၀ ရာခိုင်နှုန်းက ပြောဆိုခဲ့ကြောင်း စစ်တမ်းရလဒ်များအရ သိရသည်။
စစ်တမ်းဖြေဆိုသူ ၁၇ ဒသမ ၃၂ ရာခိုင်နှုန်းက မည်သူမျှ ဝန်ကြီးချုပ်မဖြစ်သင့်ကြောင်း ပြောဆိုခဲ့ပြီး ၃ ဒသမ ၄၆ ရာခိုင်နှုန်းက စိတ်မဝင်စားကြောင်း သို့မဟုတ် အဖြေမရှိကြောင်း အသီးသီး ပြောဆိုခဲ့သည်။ လုံးဝကိုယုံကြည်သည့် ပါတီတစ်ခုခုကိုပြောပြရန် မေးမြန်းသည့်အခါတွင် ၃၀ ဒသမ ၂၇ ရာခိုင်နှုန်းက အက်ဖ်အက်ဖ်ပီကို ထောက်ခံကြောင်းပြောဆိုခဲ့ပြီး ၁၉ ဒသမ ၉၅ ရာခိုင်နှုန်းက ဖြူထိုင်းပါတီကိုထောက်ခံကြောင်း ပြောဆိုခဲ့ကာ ၁၆ ဒသမ ၆၉ ရာခိုင်နှုန်းက ပါလန်း ပရာချာရက်ပါတီကိုထောက်ခံကြောင်း ပြောဆိုခဲ့ပြီး ၁၀ ဒသမ ၈၃ ရာခိုင်နှုန်းက ဒီမိုကရက်ပါတီကိုထောက်ခံကြောင်း ပြောဆိုခဲ့သည်။
စစ်တမ်းဖြေဆိုသူ ၁၃ ဒသမ ၃၆ ရာခိုင်နှုန်းက မည်သည့်ပါတီကိုမျှ ထောက်ခံမည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ၁ ဒသမ ၅၉ ရာခိုင်နှုန်းက စိတ်မဝင်စားကြောင်း သို့မဟုတ် အဖြေမရှိကြောင်း ပြောဆိုခဲ့သည်။

















