အီတလီ အဲ့လ်ပ်စ်တောင်တန်းများ၌ နှင်းတောင်ပြိုမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး သေဆုံး

အီတလီ အဲ့လ်ပ်စ်တောင်တန်းများ၌ နှင်းတောင်ပြိုမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး သေဆုံး

အီတလီနိုင်ငံ အဲ့လ်ပ်စ်တောင်တန်းများရှိ ဗယ်ဆီနားလက်စ် နှင်းတောင်၌ ဒီဇင်ဘာ ၂၉  ရက်တွင် နှင်းလျှောစီးနင်းနေစဉ် နှင်းတောင်ပြိုမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အသက် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။

အသက် ၃၅ နှစ်အရွယ် အဆိုပါအမျိုးသမီးသည် သေဆုံးခဲ့သည့် မိန်းကလေးနှစ်ဦးအနက် တစ်ဦး၏မိခင်ဖြစ်ကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့သည်။ ဂျာမနီနိုင်ငံသားများဟု ယူဆရသည့် အဆိုပါသုံးဦးသည် သြစတြီးယားနယ်စပ်နား တောင်တိုင်ရိုရှိ ဗယ်ဆီနားလက်စ်ရေခဲတောင်၌ အမြင့် ၂၄၀ဝ မီတာ( ပေ ၇၉၀ဝ) ခန့်တွင် နှင်းလျှောစီးခဲ့ကြသည်။

ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း ၇၀ ၊ ရဟတ်ယာဉ်သုံးစင်းတို့ဖြင့် ရုပ်အလောင်းများကို ပြန်လည်ရှာဖွေခဲ့ရသည်။ နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့ပြီး မိန်းကလေးတစ်ဦးသည် ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

နှင်းလျှောစီးခဲ့သည့် အဖွဲ့မှ အခြားနှစ်ဦးသည်လည်း ဒဏ်ရာရရှိခဲ့သည်။ ပျောက်ဆုံးနေသည့် နှင်လျှောစီးသမားများရှိနေသည်ဆိုသည့် ပြောဆိုမှုများမရှိသေးချေ။ ဒီဇင်ဘာ ၂၉ ရက်အစောပိုင်းတွင် နှင်းတောင်အခြေအနေကိုစစ်ဆေးခဲ့ရာ နှင်းလျှောစီးရန် အဆင်ပြေကြောင်း တွေ့ရှိခဲ့သည့်အတွက် နှင်းတောင်အဆင်းလမ်းကို ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဗယ်ဆီနားလက်စ် ကေဘယ်ကားကုမ္ပဏီအကြီးအကဲ တောမတ်စ် ရှတဲချာက ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်တွင်လည်း သြစတြီးယား၌ နှင်းတောင်ပြိုပြီးနောက် နှင်းလျှောစီးသူတစ်ဦး နှင်းများကြားတွင် ငါးနာရီကြာ ပိတ်မိခဲ့ကာ ၎င်းကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည်။