ရုရှားမြေတွင် အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို ကြိုတင်ဖော်ထုတ်နိုင်ခြင်း သမ္မတ ထရမ့်ကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ ပြော

ရုရှားမြေတွင် အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို ကြိုတင်ဖော်ထုတ်နိုင်ခြင်း သမ္မတ ထရမ့်ကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ ပြော

နှစ်သစ်ကူး အားလပ်ရက်တွင် ရုရှားနိုင်ငံတွင်း၌ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်က သတင်းပေးသဖြင့် ကြိုတင်ဖော်ထုတ် တားဆီးလိုက်နိုင်သည့်အတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၂၉ ရက်တွင် ဖုန်းဆက်ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 

အမေရိကန် ထောက်လှမ်းရေးက ပေးပို့သည့် သတင်းကြောင့် ရုရှားတွင် နှစ်သစ်ကူးကာလ အကြီးစား အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တစ်ရပ်ကို အချိန်မီ တားဆီးလိုက်နိုင်ကြောင်း သမ္မတ ပူတင်က ပြောသည်။ အမေရိကန် ထောက်လှမ်းရေး သတင်းအချက်အလက်အရ စိန့်ပီတာစဘတ်မြို့တွင် နှစ်သစ်ကူး အားလပ်ရက်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသည့် ရုရှားနိုင်ငံသား နှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးလိုက်နိုင်ကြောင်း နိုင်ငံပိုင် တက်စ် သတင်းဌာနက ရုရှားပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားသည်။ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများအရလည်း ထိုနှစ်ဦးသည် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း သိသာထင်ရှားသည်ဟု ထုတ်ပြန်ထားသော်လည်း အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

သမ္မတ ထရမ့်နှင့် သမ္မတ ပူတင်တို့သည် ဖုန်းဖြင့် မကြာမကြာ ဆက်သွယ်ဆွေးနွေးလေ့ရှိသည်။ ဆွေးနွေးသည့် အကြောင်းအရာများမှာလည်း ဆီးရီးယား၊ နျူကလီးယား၊ မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးကိစ္စများ ပါဝင်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၇ ဒီဇင်ဘာကလည်း အလားတူပင် စိန့်ပီတာစဘတ်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တစ်ရပ်ကို အမေရိကန် ထောက်လှမ်းရေးသတင်းအရ ကြိုတင်တားဆီးလိုက်နိုင်သဖြင့် သမ္မတ ပူတင်က သမ္မတ ထရမ့်ကို ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပြောဖူးကြောင်း အိမ်ဖြူတော် ဖုန်းမှတ်တမ်းများအရ သိရသည်။

ရုရှားအနေဖြင့်လည်း အမေရိကန်အတွက် အသုံးဝင်မည့် ထောက်လှမ်းရေး သတင်းအချက်အလက်များ အပြန်အလှန် မျှဝေသွားမည်ဖြစ်ကြောင်း သမ္မတ ပူတင်က ကတိပြုထားသည်။