အာဖဂန်နစ္စတန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူကြောင်း တာလီဘန် အုပ်ချုပ်ရေးကောင်စီက ဒီဇင်ဘာ ၂၉ ရက်တွင် သဘောတူအတည်ပြုခဲ့ပြီး မည်သည့်အချိန်တွင် အပစ်အခတ် စတင်ရပ်စဲမည်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲရေး သဘောတူလိုက်ခြင်းကြောင့် အမေရိကန်နှင့် ငြိမ်ချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရန်လည်း တစ်ဆင့်နီးစပ်လာကြောင်း တွေ့ရသည်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရန် ဦးစွာ အပစ်အခတ်ရပ်စဲရေး အမေရိကန်က တောင်းဆိုထားသည်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ပါမှ အမေရိကန်သည် အာဖဂန်ရှိ လက်ကျန်အမေရိကန်တပ်များကို ရုပ်သိမ်းကာ ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေခြင်းကို အဆုံးသတ်နိုင်မည်ဖြစ်သည်။ အာဖဂန်တွင် လက်ရှိ၌ အမေရိကန်တပ်ဖွဲ့ဝင် ၁၂၀ဝ၀ ကျော် ကျန်ရှိနေသည်။ အိမ်ဖြူတော်ဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
အာဖဂန်ကို အကြမ်းဖက်သမားများအတွက် ရေခံမြေခံ မဖြစ်စေရေး တာလီဘန်က အာမခံရမည့် အချက်ကိုလည်း ငြိမ်းချမ်းရေးစာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန် အမေရိကန်က စီစဉ်ထားသည်။ အပစ်အခတ် ရပ်စဲရေးကို တာလီဘန် ခေါင်းဆောင်ပိုင်းက အတည်ပြုကြေညာရန် ကျန်ရှိနေသေးသည်။ အပစ်အခတ် ရပ်စဲရေးကာလကို မကြေညာသေးသော်လည်း ၁၀ ရက်ဝန်းကျင် ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိသည်။
တာလီဘန် ငြိမ်းချမ်းရေး ညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ဝင်လေးဦးသည် တာလီဘန် ခေါင်းဆောင်ပိုင်းများနှင့် ပြီးခဲ့သည့် သီတင်းတစ်ပတ်ကြာ ဆွေးနွေးပြီးနောက်တွင်မှ အပစ်အခတ် ရပ်စဲရေး သဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကာတာနိုင်ငံတွင် တာလီဘန် နိုင်ငံရေးကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ထားပြီး တာလီဘန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဇယ်မေ ခါလီဇတ်သည် ၂၀၁၈ စက်တင်ဘာမှ စတင်ကာ တာလီဘန် ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရန် အလွန်နီးစပ်နေသော ယခုနှစ် စက်တင်ဘာတွင် တာလီဘန် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်တစ်ဦး သေဆုံးရသည့်အတွက် တာလီဘန်နှင့် ဆွေးနွေးမှု ရပ်ဆိုင်းကြောင်း သမ္မတ ဒေါ်နယ် ထရမ့်က ကြေညာခဲ့သည်။ နိုဝင်ဘာ လကုန်ပိုင်းတွင် သမ္မတ ထရမ့်၏ အာဖဂန်ခရီးစဉ်တွင်မှ တာလီဘန်နှင့် ငြိမ်းချမ်းရေး ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

















