ငါးနှစ်ကြာ ယူကရိန်းပြည်တွင်းစစ် ရပ်စဲကာ ငြိမ်းချမ်းရေးရယူနိုင်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းအစိုးရနှင့် နိုင်ငံအရှေ့ပိုင်းဒေသရှိ ရုရှား ကျောထောက်နောက်ခံပေးထားသော ခွဲထွက်ရေးသူပုန်များ ဒီဇင်ဘာ ၂၉ ရက်က အကျဉ်းသား ၂၀ဝ လဲလှယ်ခဲ့ကြသည်။
ယခုလဆန်းပိုင်းတွင် ဂျာမနီနှင့် ပြင်သစ်တို့ ကြားခံစေ့စပ်ပေးမှုဖြင့် ယူကရိန်းနှင့် ရုရှားတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သဘောတူခဲ့ကြခြင်း အောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်။ သူပုန်များ ထိန်းချုပ်ထားသော ဟော်လစ်ကာမြို့ နယ်စပ်ဂိတ်တွင် အကျဉ်းသား အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ ယူကရိန်းဘက်က အကျဉ်းသား ၁၂၄ ဦး ပြန်လွှတ်ပေးခဲ့ပြီး သူပုန်များဘက်ကလည်း ၇၆ ဦး ပြန်လွှတ်ပေးခဲ့သည်။
သူပုန်များ ပြန်လွှတ်ပေးလိုက်သော ယူကရိန်းနိုင်ငံသား ၇၆ ဦးထဲတွင် စစ်သည် ၁၂ ဦး ပါဝင်ကြောင်းလည်း ယူကရိန်း လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ ၂၀၁၇ ဒီဇင်ဘာကလည်း တစ်ကြိမ် အကျဉ်းသား လဲလှယ်ခဲ့ဖူးပြီး ထိုစဉ်က ယူကရိန်း အစိုးရဘက်က ဖမ်းဆီးထားသော သူပုန် ၂၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သလို၊ သူပုန်များဘက်ကလည်း ယူကရိန်း ၇၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ယူကရိန်း ပြည်တွင်းပဋိပက္ခတိုက်ပွဲများအတွင်း လူပေါင်း ၁၄၀ဝ၀ ကျော် သေဆုံးခဲ့သည်။ ယူကရိန်းတွင် မေလက သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော ဗိုလိုဒီမာ ဇီလန်းစကီးသည် ယူကရိန်း ပြည်တွင်းစစ် ရပ်စဲရေး အားထုတ်မည်ဟု ကတိပြုထားပြီး ရုရှားနှင့် ညှိနှိုင်းရာတွင် အလျှော့ အတင်းလုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်းလည်း တွေ့ရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် ခွဲထွက်ရေး သူပုန်များ ထိန်းချုပ်ထားသော နိုင်ငံအရှေ့ပိုင်းတွင် ရွေးကောက်ပွဲများလည်း ကျင်းပမည်ဖြစ်ရာ ခွဲထွက်ရေးသူပုန်များ နိုင်ငံမှ ခွဲထွက်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ပိုမိုလမ်းပွင့်သွားနိုင်သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
အကျဉ်းသား အောင်မြင်စွာ လဲလှယ်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်တို့ကလည်း ထုတ်ပြန်ကြေညာထားသည်။

















