လီဗာပူးသည် ဒီဇင်ဘာ ၂၉ ရက်က ပရီး မီးယားလိဂ် ပွဲစဉ် ၂ဝ အဖြစ် အိမ်ကွင်းတွင် ဝုလ်ဗာဟမ်တန်နှင့်ကစားခဲ့ရာ ဆီနီဂေါ တောင်ပံတိုက်စစ်မှူးမာနေး၏ တစ်လုံးတည်း သောသွင်းဂိုးဖြင့် အနိုင်ရကာ အမှတ်ပေး ဇယားထိပ်မှဆက်လက်ဦးဆောင်နေကြောင်း သိရသည်။
လီဗာပူးသည် ဝုလ်နှင့်ပွဲတွင် ဘောလုံး ပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းရရှိအောင် ကစားနိုင် ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု၁ဝ ကြိမ်ရှိခဲ့ရာ သုံးကြိမ် ဂိုးပေါက်တည့်ခဲ့သည်။ ပထမပိုင်း ပြီးဆုံးခါနီးအချိန်တွင် အငြင်းပွားဖွယ်ရာဖြစ် ရပ်များဖြစ်ပေါ်ခဲ့ပြီး လီဗာပူးသွင်းယူခဲ့သော ဂိုးမှာ ပရိသတ်များ၏ဝေဖန်မှုကို ခံခဲ့ရသည်။
တောင်ပံတိုက်စစ်မှူး မာနေးသည် ပွဲချိန် ၄၂ မိနစ်တွင် အသင်းအတွက် အနိုင်ဂိုးသွင်း ယူခဲ့ရာ အစောပိုင်းတွင် ဂိုးအဖြစ် ခွင့်ပြုခဲ့ခြင်း မရှိပေ။
မာနေးဂိုးသွင်းနိုင်ရန် လယ်လာနာက ပေးပို့ခဲ့ရာ ဘောလုံးမှာ လက်မောင်းဖြင့် ထိခဲ့သည်။ ဗီဒီယိုအကူ ဒိုင်လူကြီးစနစ်အရ လယ် လာနာမှာ ပခုံးဖြင့် ဘောလုံးဖန်တီးမှု ပြုလုပ် ခဲ့ဟု ဆုံးဖြတ်ခဲ့၍ လီဗာပူးအသင်း ဂိုးရခဲ့ သည်။
ဝုလ်အသင်း ပရိသတ်များအတွက် ခံရခက်စေသည်မှာ မာနေးဂိုးသွင်းရန် ဘောလုံး တည်ဆောက်ခဲ့ရာ၌ နောက်ခံလူ ဗန်ဒစ်မှာ လည်း ဘောလုံးကိုလက်ဖြင့် ထိခဲ့ခြင်းဖြစ်သည်။
ဝုလ်အတွက် ပထမပိုင်း ပြီးလုချိန်တွင် နီတိုက ချေပဂိုး ပြန်သွင်းခဲ့သော်လည်း ဗီဒီယို အကူ ဒိုင်လူကြီးစနစ်အရ အော့တို၏လက် ရှေ့အနည်းငယ်ထွက်ကာ လူကျွံနေခဲ့၍ ဂိုးပေး ခဲ့ခြင်းမရှိပေ။
အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည့် အနိုင်ဂိုးနှင့်ပတ်သက်၍ ဂိုးသွင်းခဲ့သူ မာနေးက ''အရိုးသားဆုံးပြောရရင် ဘောလုံးလာ ကတည်းက လယ်လာနာက ပခုံးနဲ့ပေးခဲ့တာလို့ ကျွန်တော်မြင်ခဲ့တယ်။ ဒါ့ကြောင့် ဂိုးမပေးမှာ ကို တုန်လှုပ်ခြင်းမရှိခဲ့ဘူး။ ကျွန်တော် ပြောရဲ ပါတယ်၊ဒါက ခွင့်ပြုရမယ့်ဂိုးပါ။ တစ်ခါတလေ ကြရင် ခင်ဗျားကံကောင်းမယ်၊ တစ်ခါတလေ ကြရင် ကံမကောင်းဘူး။ ဒါတွေက ဘောလုံးရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်''ဟု ရှင်းလင်းပြော ကြားခဲ့သည်။
လီဗာပူးသည် လိဂ် ၁၉ ပွဲ ကစားပြီးချိန် ၁၈ ပွဲနိုင်၊ တစ်ပွဲသရေ၊ ၅၅ မှတ်ဖြင့် ဒုတိယ နေရာမှ လက်စတာကို ၁၃ မှတ်ဖြတ်ကာ ထိပ်ဆုံးမှပြေးနေသည်။
လီဗာပူးအသင်းသည် ၂ဝ၁၉ ခုနှစ်၌ ချန် ပီယံလိဂ် ချန်ပီယံဆု၊ ဥရောပစူပါဖလားနှင့် ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကိုပိုင်ဆိုင်ကာ အောင်မြင်မှုရခဲ့သည်။
ထို့အပြင် လီဗာပူးသည် ၂ဝ၁၉ ခုနှစ်၌ ပရီးမီးယားလိဂ် ရနိုင်ခြေရမှတ် ၁၁၁ မှတ်မှ ၉၈ မှတ် စုဆောင်းနိုင်ခဲ့ပြီး တစ် နှစ်အတွင်း အန်ဖီးလ်၌ ရှုံးပွဲမရှိခဲ့ပေ။ လီဗာပူး သည် ၂ဝ၂ဝ ပြည့်နှစ်ဇန်နဝါရီ ၃ ရက်တွင် ရှက်ဖီးလ်ယူနိုက်တက်နှင့် ကစားမည်ဖြစ်သည်။















