ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ပထမအကြိမ် ဇွဲကပင်တောင် တက်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲကပင် အရှေ့ခြမ်းသစ်ချရွာမှ တာထွက်ပြီး စတင်ကျင်းပသွားမည် ဖြစ်ရာ ပြိုင်ပွဲဝင် ၁၃၄၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ကြောင်း ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ဇွဲကပင်တောင်တက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကရင်ပြည်နယ်၏ ကျက်သရေ ဆောင်ဇွဲကပင်တောင်သည် အမြင့် ၂၃၇၂ ပေရှိပြီး မြင့်မား၍ မတ်စောက်သော သဘာဝထုံးကျောက်တောင်ဖြစ်ရာ ပြိုင်ပွဲဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အဆင်ပြေ ချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က အဖွင့်အမှာ စကားပြောကြားပြီး လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်က ဇွဲကပင်တောင် တက်ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားကာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးက ပြိုင်ပွဲကျင်းပရေးဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောသည်။
ထို့နောက် အစည်းအဝေးသို့တက် ရောက်လာကြသော လူမှုရေးအသင်း အဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ အား/ကာနှင့် ဌာနဆိုင်ရာများက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ တောင်တက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ရေး၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကြိုတင်ဆောင်ရွက်ထားရမည့် အစီအမံများအား အကြံပြု ဆွေးနွေးခဲ့ကြသည်။
ဇွဲကပင် တောင်တက်ပြိုင်ပွဲကို အသက်(၄၀)နှစ်အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အသက်(၄၀)နှစ် အောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲ အမျိုးအစား လေးမျိုးခွဲ၍ ကျင်းပမည်ဖြစ်ပြီး ဇွဲကပင်အရှေ့ခြမ်း တောင်ခြေနှင့် လေးဖာလုံအကွာ ခလောက် နို့သစ်ချရွာတွင် စတင် တာလွှတ်မည်ဖြစ်ပြီး ဇွဲကပင် အနောက် ခြမ်း ဒုံရင်း၊ တော်ပုံကျေးရွာ လုံမ္ပနီ ဥယျာဉ် ဈေးဆိုင်ခန်းရှေ့တွင် ပန်းဝင်မည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆုမှ ဒသမဆုအထိ ထိုက်တန်စွာ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
















