အာဆင်နယ်နှင့် ကစားရမည့်ပွဲမတိုင်မီ မန်ယူသည် တနင်္လာနေ့ က လေ့ကျင့်ခန်းအစီအစဉ် ပြုလုပ်ခဲ့ရာ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို မတွေ့ခဲ့ရဘဲ ဒဏ်ရာကြောင့် အနားယူခဲ့ရသည့် နောက်ခံလူဘိုင်လေ ပြန်လည် ပါဝင်ခဲ့ကြောင်း သိရသည်။
ကွင်းလယ်လူပေါ့ဘာသည် ဘောက်ဆင်ဒေး၌ ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ဒုတိယပိုင်း၌ ပါဝင်ကစားခဲ့သူ ဖြစ်သည်။ ပေါ့ဘာသည် ယခုနှစ်ရာသီတွင် ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရ၍ ကြံ့ခိုင်မှုပြည့်ဝရန် အချိန်ယူနေရပြီး ဘန်လေနှင့်ပွဲ၌လည်း ကစား နိုင်ခြင်း မရှိပေ။
ပေါ့ဘာသည် မန်ယူအသင်း၏ ၁၅ မိနစ်ကြာ လေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း အင်္ဂလန်သတင်းများက ဖော်ပြခဲ့သည်။ ပေါ့ဘာသည် မီဒီယာများ ထွက်ခွာသွားမှသာ အသင်းလေ့ကျင့်ခန်း အစီအစဉ်၌ ပါဝင်ခဲ့ဟု ယုံကြည်ရသည်။ လေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာကြောင့် ငါးလကြာ အနားယူခဲ့ရသည့် အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်လေ ပြန်လည်ပါဝင် ခဲ့သည်။
အသက် (၂၅)နှစ်အရွယ် ဘိုင်လေသည် ၂၀၁၉ ခုနှစ် အတွင်းဒဏ်ရာကြောင့် အနားယူခဲ့သည့်ကာလများပြား ခဲ့ပြီး ပြိုင်ပွဲစုံခုနစ်ပွဲသာ ကစားခွင့်ရခဲ့သည်။ ဘိုင်လေ သည် လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီးနောက် မန်ယူအ တွက် ပြန်လည်ကစားပေးနိုင်မည်ဖြစ်သည်။















