၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ဥရောပပွဲကြီး ပွဲကောင်းများ တန်းစီနေပြီး ပရိသတ်များအနေဖြင့် လက် မလွှတ်တမ်းစောင့်ကြည့်ရမည့်ပွဲများစွာ ပါဝင်နေကြောင်း စပို့စ်ဘိုင်ဘယ်က ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၅ ရက်မှ ၂၉ ရက်အထိ ဥရောပထိပ်တန်းလိဂ်များ၏ ပွဲကောင်းများ တန်းစီနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၅ ရက်၌ လီဗာပူးနှင့် အဲဗာတန်တို့၏ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံး မာဆေး ဆိုက်ဒ်ဒါဘီပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ လီဗာပူးနှင့် အဲဗာတန်တို့သည် အက်ဖ်အေဖလား တတိယအဆင့်အဖြစ် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ဇန်နဝါရီ ၆ ရက်တွင် အင်တာ မီလန်သည် စီးရီးအေပွဲအဖြစ် နာပိုလီကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သည်။ ဇန်နဝါရီ ၇ ရက်တွင် မန်ယူနှင့် မန်စီးတီးတို့၏ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ ကြည့်ရှုရမည်ဖြစ်သည်။
ဇန်နဝါရီ ၈ ရက်တွင် ဗလင်စီယာနှင့် ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့နေပြီး ဇန်နဝါရီ ၉ ရက်၌ ဘာစီလိုနာနှင့် အက်သလက်တီကိုမှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်အဖြစ် ကစားကြမည်ဖြစ်သည်။ ဇန်နဝါရီ ၁၁ ရက်တွင် စပါးနှင့် လီဗာပူးတို့၏ပွဲမှာလည်း အကြိတ်အနယ်ရှိဦးမည်ဖြစ်သည်။ စပိန်စူပါဖလား ဗိုလ်လုပွဲကို ဇန်နဝါရီ ၁၂ ရက်တွင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ယင်းနေ့၌ပင် စီးရီးအေပွဲအဖြစ် ရိုးမားနှင့် ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့ဆုံနေကြသည်။
ဘောလုံးပရိသတ်များသည် ၂၀၂၀ ဇန်နဝါရီ ၁၉ ရက်၌ လီဗာပူးနှင့်မန်ယူတို့၏ အင်္ဂလန်ဒါဘီပွဲကို အားပေး ကြည့်ရှုရမည်ဖြစ်သည်။ မန်ယူက ယခုနှစ်ရာသီ၌ ဦးဆောင် သူ လီဗာပူးထံမှ ရမှတ်ခွဲယူနိုင်သည့် တစ်သင်းတည်းသော ကလပ်ဖြစ်သည်။ ဇန်နဝါရီ ၂၁ ရက်တွင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ကစားကြမည်ဖြစ်သည်။
ဇန်နဝါရီ ၂၆ ရက်၌ ရိုးမားမှာ လာဇီယိုနှင့်လည်းကောင်း၊ နာပိုလီမှာ ဂျူဗင်တပ်စ်နှင့်လည်းကောင်း တွေ့နေသည်။ ဇန်နဝါရီ ၂၉ ရက်တွင် မန်ယူသည် ကာရာဘောင်းဖလား ဆီမီး ဖိုင်နယ်ဒုတိယအကျော့ဖြင့် မန်စီးတီးကွင်းသို့သွားရောက် ကစားရမည်ဖြစ်သည်။















