ရာသီအစ ကွင်းဖွင့်ဖလား(ချာရတီ)ပြိုင်ပွဲကို ရန်ကုန်ယူနိုက်တက်အိမ်ကွင်းဖြစ်သည့် မြက်ခင်းတုကွင်း၌ ကစားရမည်ဖြစ်သော်လည်း စိုးရိမ်စိတ်မရှိဘဲ တာထွက်ကောင်းရန် အကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ်ဦးအာင်နိုင်က ပွဲကြိုစကားဆိုခဲ့သည်။
ကွင်းဖွင့်ဖလားပြိုင်ပွဲကို ဇန်နဝါရီ ၅ရက် ညနေ၃နာရီခွဲတွင် YUSCကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် နေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲနှင့် ပတ်သက်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃ရက်က မွန်းလွဲ ၁နာရီခွဲက သုဝဏ္ဏကွင်းသတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပခဲ့သည်။
" ကွင်းဖွင့်ဖလားပြိုင်ပွဲမှာ အကောင်းဆုံးအနေအထားရှိနေတဲ့ ကစားသမားတွေကို အသုံးပြုသွားမှာပါ။ မြက်ခင်းတုကွင်းဖြစ်လို့ ပုံမှန်ကွင်းတွေနဲ့ မတူပေမယ့် ကွာခြားချက်အများကြီး မရှိပါဘူး။ အားဖြည့်ထားတဲ့ နိုင်ငံခြားသားကစားသမား အများစုကလည်း မြန်မာ့ဘောလုံးလောကနဲ့ ရင်နှီးပြီးသာဖြစ်တဲ့အတွက် မနှစ်ကရထားတဲ့ ပုံစံကောင်းကိုဆက်ထိန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရာသီအစမှာ တာထွက်ကောင်းဖို့ ဒီပွဲကစပြီး အကောင်းဆုံးကြိုးစားကစားသွားမှာပါ" ဟု ဦးအောင်နိုင်က ပြောဆိုခဲ့သည်။
အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် ဂိုးသမားသီဟစည်သူက ဂိုးနည်းပြမှ ခွင့်ပြုမည်ဆိုပါက လူငယ်ဂိုးသမားများကို ယင်းပွဲ၌ပွဲထွက်ကစားစေချင်ကြောင်းနှင့် ပွဲထွက်ခွင့်ရပါကလည်း အကောင်းဆုံးလက်စွမ်းပြနိုင်အောင် ကြိုးစားမည်ဟု ပြောဆိုခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက ရှုံးပွဲမရှိစံချိန်ဖြင့် နေရှင်နယ်လိဂ်ဖလားကို ပထမဆုံးဆွတ်ခူးနိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ထားသည်။















